Homeမြန်မာသတင်း
ရွေးကောက်ပွဲနှစ်တွင် ဘာသာရေးပဋိပက္ခများ ဖြစ်ပွားနိုင်ဖွယ်မရှိဟု သာသနာရေး ဒုဝန်ကြီးပြော
ရွေးကောက်ပွဲနှစ်တွင် ဘာသာရေးပဋိပက္ခများ ဖြစ်ပွားနိုင်ဖွယ်မရှိဟု သာသနာရေး ဒုဝန်ကြီးပြော
DVB
·
June 11, 2020
အခု ၂၀၂၀ ပြည့်နှစ်ဟာ မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကျင်းပမယ့်နှစ် ဖြစ်ပေမဲ့ ဘာသာရေးနဲ့ ဆက်နွှယ်တဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်ဖွယ် မရှိပါဘူးလို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စု ဒုဝန်ကြီး ဦးကြည်မင်းက ပြောကြားလိုက်ပါတယ်။
အရင်ကမြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့ နှစ်တွေ အပါအဝင် ဘာသာရေးပဋိပက္ခတွေက မကြာခဏဆိုသလို ဖြစ်ပွားခဲ့တာကြောင့် အခု ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှစ်မှာ ဘာသာရေးကို အခြေခံပြီး ပဋိပက္ခတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
ဒီကိစ္စအပေါ် စိုးရိမ်မှုမရှိတဲ့အကြောင်း ဒုဝန်ကြီး ဦးကြည်မင်းက "ကျနော်တို့က လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ရထားတာကြာပြီ။ ပေးထားတာ။ သို့သော်လည်းပဲ ဒီဘာသာဝင် အချင်းချင်းမှာ တစ်ယောက်ဘာသာရဲ့အကြောင်းကို တစ်ယောက်က သိဖို့အတွက်လိုအပ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ မသိတဲ့အခါကျတော့ ထင်ယောင်ထင်မှားတွေနဲ့ ပြောကြာတာတွေရှိပါတယ်။ ဒါကြောင့်မို့လို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးဆိုတဲ့အထဲမှာလည်း ယုံကြည်ဘာသာတွေ အကုန်လုံး ပါဝင်တယ်။ ဒီဟာတွေထဲကနေ ဒီမှာရှိတဲ့ ဘာသာဝင်တွေကို အားလုံးအချင်းချင်း ပြောကြား ဆွေးနွေးမယ်ဆိုရင် ဘာသာရေးကနေ နိုင်ငံရေးပဋိပက္ခကို ဘယ်လိုမှ ပြောင်းသွားစရာအကြောင်း မရှိဘူး" လို့ပြောပါတယ်။
ဘာသာရေးပဋိပက္ခတွေဖြစ်လာမှာကို စိုးရိမ်မှုမရှိဘူးလို့ ဒုဝန်ကြီးက ပြောကြားခဲ့ပေမဲ့ ပြီးခဲ့တဲ့လအတွင်းမှာပဲ မိတ္ထီလာမြို့မှာ ဗုဒ္ဓဘာသာကို စော်ကားသူတစ်ဦးကို ဖမ်းဆီးအရေးယူပေးဖို့ အတွက် လူစုလူဝေးအထိ ဖြစ်ပေါ်ခဲ့ပြီး ထောင်ဒဏ်ချမှတ်အရေးယူခဲ့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၆ ရက်က မိတ္ထီလာမြို့မှာပဲ လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းမှုတစ်ခု ဖြစ်ပေါ်ခဲ့ ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒုဝန်ကြီးက "နောင်ကို မပြုလုပ်ဖို့အတွက်ကို ခံဝန်တောင်းလိုက် တယ်။ သူတို့ကလည်း မလုပ်တော့ပါဘူးဆိုပြီး ခံဝန်ပေးတဲ့အတွက် အစ်ကိုတို့အနေနဲ့ ဥပဒေကြောင်း အရ ဆက်လက်ပြီး ဆောင်ရွက်စရာမရှိဘူး။ ဒါကလည်း ဥပဒေကြောင်းအရ သက်ဆိုင်ရာ ဒေသ အုပ်ချုပ်ရေးအဖွဲ့က ဆောင်ရွက်တာ။ သို့သော်လည်း ဘာသာ/သာသနာ ဆိုင်တဲ့ ကိစ္စဖြစ်နေတော့ သာသာနာရေးရဲ့ မြို့နယ်တာဝန်ခံက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးတာ" လို့ ပြောပါတယ်။
ဘာသာရေးကို အခြေခံတဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်လာခြင်းမရှိစေဖို့အတွက် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက စောင့်ကြည့်ထိန်းသိမ်းမှုတွေ ဆောင်ရွက်နေသလို တဘက်မှာလည်း ကိုဗစ်-၁၉ ကာလဖြစ်နေတဲ့အတွက် လူစုလူဝေးမဖြစ်စေဖို့ ဘာသာရေးပွဲတွေကို တားမြစ်ထား ပါတယ်။
ဒီလိုတားမြစ်နေတဲ့ ကြားမှာပဲ ဘာသာရေးနဲ့ ဆက်စပ်တဲ့ အမှု ၈ မှု ကို အရေးယူထားရတယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။
ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)