Homeမြန်မာသတင်း
မွန်ပြည်နယ် မဲစာရင်းတွင် နိုင်ငံခြားကပြန်လာသူများ ပါဝင်ခြင်း ရှိ၊ မရှိ ပြန်စိစစ်ရန် ညွှန်ကြား
မွန်ပြည်နယ် မဲစာရင်းတွင် နိုင်ငံခြားကပြန်လာသူများ ပါဝင်ခြင်း ရှိ၊ မရှိ ပြန်စိစစ်ရန် ညွှန်ကြား
DVB
·
June 9, 2020
မွန်ပြည်နယ်အတွင်း မဲစာရင်းမှာ နိုင်ငံရပ်ခြား ပြန်လာသူတွေရဲ့ အမည်စာရင်း ပါဝင်ခြင်း ရှိ၊ မရှိကို ပြန်လည်စိစစ်ဖို့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို ညွှန်ကြားထားပါတယ်။
မဲစာရင်းမှာ နိုင်ငံရပ်ခြားက ပြန်လာတဲ့သူတွေရဲ့ အမည်စာရင်း ပါဝင်ခြင်း ရှိ၊ မရှိကို ပြန်လည် စိစစ်တာတွေ လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့မေလကုန်လောက်ကတည်းက ညွှန်ကြားထားတာပါ။
မွန်ပြည်နယ်မှာတော့ ကိုဗစ်ကာလမှာ နိုင်ငံရပ်ခြားက ပြန်လာသူတဲ့ လူဦးရေဟာ သောင်းနဲ့ချီ ရှိနေတာပါ။ ဒါကြောင့် ပြန်လာတဲ့သူတွေရဲ့ အမည်စာရင်း မဲစာရင်းထဲမှာ မကျန်ခဲ့ရအောင် ပြန်လည်စိစစ်နေတာလို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။
လက်တလော နိုင်ငံရပ်ခြား ပြန်လာသူ ၅၀၀၀ နီးပါးကို ပြန်လည်စိစစ်တာတွေ လုပ်ဆောင်ထားပါတယ်။
အဲလို ပြန်လည်ဝင်ရောက်လာတဲ့သူတွေရဲ့ အမည်စာရင်း မဲစာရင်းထဲမှာ ပါဝင်ခြင်း မရှိတော့ သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲတွေကို ပြန်လည်ဖြည့်သွင်းခိုင်းသွားမယ်လို့ ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးညီသွေးက ပြောပါတယ်။
မွန်ပြည်နယ်မှာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပြုစုထားတဲ့ စာရင်းတွေအရ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ လူဦးရေဟာ ၁၇ သိန်းကျော် ရှိပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းထက် လူဦးရေ ၂ သိန်းနီးပါး ပိုလာပါတယ်။
မဲပေးနိုင်တဲ့ လူဦးရေ တိုးလာတဲ့အတွက်ကြောင့် မွန်ပြည်နယ် တခုလုံးမှာ မဲရုံပေါင်း ၉၈၅ ရုံ ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။
ဇော်လွင်ထွဋ်