Home
မြန်မာသတင်း
ကျောက်မဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌ သေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
June 7, 2020
Kyauk Mè Villager officer shot gun
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်မှာ မနေ့က ကျေးရွာအုပ်ချုပ်ရေးမှူး ကြီးကြပ်ရွေးချယ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ၁ ယောက် သေနတ်နဲ့ ၅ ချက်ပစ် သတ်ခံခဲ့ရတယ်လို့ မြို့မရဲစခန်းမှူးက ပြောပါတယ်။ မိုင်းတင်းကျေးရွာအုပ်စု၊ မန်စန်းရွာက ဦးရွှေဝင်းဟာ မနေ့ နေ့လယ်ပိုင်းက သူ့ရဲ့ တောင်ယာထဲမှာ ပစ်သတ်ခံခဲ့ရတာပါ။ စခန်းမှူး ဒုရဲမှူး ရဲမြင့်အောင်က “ဖြစ်စဉ်ကတော့ သူတို့လင်မယား ၂ ယောက် တောင်ယာကို သွားတယ်။ နေ့လယ်စာစားပြီး အမျိုးသားက တဲပေါ်က ဆင်းသွားတယ်။ အမျိုးသမီးက ဖိနပ်စီးရင်း ကျန်ခဲ့တယ်။ အဲဒီမှာ သေနတ်သံကြားလို့ သွားကြည့်တော့ ယောကျ်ားက သေနေပြီ။ မျက်မြင်ဖြစ်တဲ့ အမျိုးသမီးက ဒါပဲ သိတာ” လို့ ပြောပါတယ်။ သေဆုံးသူရဲ့ ခေါင်းမှာ သေနတ်ဒဏ်ရာ ၂ ချက်၊ ကျောနဲ့ ခါးမှာ ဒဏ်ရာ ၃ ချက်ရခဲ့တယ်လို့လည်း သူက ပြောပါတယ်။ နယ်မြေအခြေအနေအရ အဲဒီကို သွားရောက်မစစ်ဆေးနိုင်ဘဲ လက်ရှိမှာတော့ အမှုဖွင့်ထားတယ်လို့လည်း သူက ပြောပါတယ်။ ဦးရွှေဝင်းဟာ မိုင်းတင်းကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး ကြီးကြပ်ရွေးချယ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး ဒီမတိုင်ခင်ကလည်း ရွာအုပ်ချုပ်ရေးမှူးတွေ ပစ်သတ်ခံခဲ့ရတာ ရှိတယ်လို့ ကျောက်မဲမြို့ ဒေသခံတယောက်က ပြောပါတယ်။ “သူ့အရင် အုပ်ချုပ်ရေးမှူး ၂ ယောက်လည်း ပစ်သတ်ခံခဲ့ရဖူးတယ်။ တယောက်ဆို မူဆယ်ကို ရှောင်ထွက်သွားခဲ့ပေမယ့် ပစ်သတ်ခံရတယ်။ အခု သူလည်း တခြားမြို့ကို ရှောင်ထွက်သွားခဲ့တယ်လို့ ကြားတယ်။ ဘယ်လို ပြန်ရောက်လာလဲတော့ မသိဘူး” လို့ ပြောပါတယ်။ သူ့ကို စိစစ်ဆဲ သောင်းကျန်းသူအဖွဲ့က ပစ်ခတ်သွားတာလို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024