တရားရုံးများနှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ဟု ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ပြော
DVB
·
June 5, 2020
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ တပ်မတော်က ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်က ဧရာဝတီတိုင်းက မြို့နယ်တွေမှာ တရားစွဲဆို ခံထားရတာနဲ့ပတ်သက်ပြီး တရားရုံးတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာမဟုတ်ဘူးလို့ ဇွန်လ ၄ ရက်က မအူပင်မြို့နယ်တရားရုံးမှာ ပြောပါတယ်။
တရားရုံးနဲ့ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်ရတဲ့ ကိစ္စမှန်သမျှကို ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်းနဲ့ ဖျာပုံ၊ ဒေးဒရဲ၊ ပုသိမ်စတဲ့တရားရုံးတွေမှာ တရားစွဲဆိုခံထားရတာနဲ့ပတ်သက် ပြီးလည်း ပူးပေါင်းဆောင်ရွက်ပြောမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာပါ။
ကိုဇေယျာလွင်က "တရားဥပဒေနဲ့ ပတ်သက်ပြီး အယုံအကြည်မရှိဘူး။ စစ်တပ်နဲ့ပတ်သက်ပြီး တရားစွဲတဲ့ တရားရေး မှန်သမျှမှာ ကျနော်တို့က အရှုံးတွေကြီးပဲ။ အဲ့အတွက်ကြောင့် ကျနော်တို့ တရားရေးရာကို ရင်ဆိုင်မှာမဟုတ်ဘူး။ အမြဲတမ်းလျစ်လျူရှုနေမှာဖြစ်တယ်"လို့ ရုံးထုတ်အပြီးမှာ မီဒီယာတွေကို ပြောပါတယ်။
မအူပင်မြို့နယ်မှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တရားစွဲဆိုပြီး ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သလို ဖျာပုံနဲ့ ဒေးဒရဲမြို့နယ်တို့မှာလည်း နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားပြီး ပုသိမ်မြို့မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ထားခံရကာ ဇွန်လအတွင်း ရုံးထုတ် စစ်ဆေး မှာဖြစ်ပါတယ်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ သံချပ်တွေလှည့်လည်ဖျော်ဖြေခဲ့တာနဲ့ပတ်သက်ပြီး တရားရုံးအသီးသီးမှာ ပုဒ်မအမျိုးမျိုးနဲ့ ထပ်ခါထပ်ခါ အကြိမ်ကြိမ် တရားစွဲခံနေရတာပါ။
မင်းထက်မုန်း (ပုသိမ်)