Home
မြန်မာသတင်း
ခေတ်စနစ်ကို ပုံဖော်တင်ပြမည့် သင်္ကြန်သံချပ်များ ဖျော်ဖြေမည်
DVB
·
April 12, 2024
Daung-Dot-Myoo-Satt-Than-Chat

ခေတ်စနစ်ကို ပုံဖော်တင်ပြကြမယ့် သံချပ်တွေနဲ့ ပြည်သူတွေကို မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ကာလမှာ ဖျော်ဖြေကြဖို့ တော်လှန်ရေးအင်အားစုတွေက ပြင်ဆင်နေကြပါတယ်။

အခုလာမယ့် သင်္ကြန်ကာလမှာ သံချပ်တွေနဲ့ ပြည်သူတွေကို ဖျော်ဖြေကြဖို့ တော်လှန်ရေးအင်အားစုတွေက ပြင်ဆင်နေကြပြီး အာဏာသိမ်းစစ်ကောင်စီက ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရက်စက်တဲ့လုပ်ရပ်တွေကို သံချပ်တွေထဲမှာ ထည့်သွင်း ဖော်ပြကြမယ့်အပြင် NUG တော်လှန်ရေးအစိုးရဘက်ကိုလည်း ထောက်ပြဝေဖန်တာတွေ ပါဝင်မယ်လို့ သိရပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ အခုနှစ်နဲ့ဆိုရင် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း သံချပ်ဖျော်ဖြေတာ ၄ ကြိမ်မြောက် ဖြစ်ပါတယ်။

နိုင်ငံအနှံ့မှာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်တွေမှာ ပါဝင်နေတဲ့ ဒေါင်းတို့မျိုးဆက် အသင်းသားတွေကို စုစည်းပြီး ဒီနှစ်မှာ သံချပ်ထွက်ဖို့ ကြိုးစားထားတယ်လို့ အသင်းသားတဦးက DVB ကို ပြောပါတယ်။

စစ်ကောင်စီကလုပ်မယ့် ပျော်ပွဲရွှင်ပွဲတွေမှာ ပါဝင်ပူးပေါင်းတာမလုပ်ဘဲ ပျော်ရွှင်စွာနဲ့ သင်္ကြန်ကို ဖြတ်သန်းကြဖို့လည်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ဆိုပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တဦးက “ဒေါင်းတို့မျိုးဆက် အသင်းသားတွေဟာ နိုင်ငံအနှံ့မှာ တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နေပြီးတော့ သူတို့အသံတွေ ပါဝင်အောင် အခုနှစ်မှာ အလေးပေး ပြင်ဆင်ထားပါတယ်။ ဒီနှစ်မှာ ပြည်သူလူထုရဲ့ ခက်ခဲနေတဲ့ အကြောင်းတွေ၊ စစ်တပ်က ပြည်သူတွေကို မတရားကျူးလွန်တဲ့အကြောင်းတွေ၊ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေ ခံစားနေရတာတွေ ပါဝင်မယ်။ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့တွေရဲ့ ဒီတနှစ်အတွင်းမှာ လုပ်ပုံကိုင်ပုံတွေ အဆီအလျော်မတည့်မှုတွေကို အပြုသဘောဆောင်ပြီး ထောက်ပြဝေဖန်မယ့် သံချပ်တွေပါမယ်။  သင်္ကြန်ကိုလွမ်းဆွတ်တဲ့ သံချပ်တွေလည်း ပါတာရှိပါမယ်” လို့ ပြောပါတယ်။

အလားတူ ကျောင်းသားသမဂ္ဂအဖွဲ့တွေ ပူးပေါင်းပြီး ဖျော်ဖြေမယ့် တမာမိုး သံချပ်အဖွဲ့လည်း ဒီနှစ်သင်္ကြန်ကာလမှာ ပါဝင်မယ်လို့ သိရပါတယ်။ လတ်တလော ပြည်သူတွေ ဒုက္ခတွေ့နေရတဲ့ စစ်ကောင်စီက အတင်းအကျပ် စစ်မှုထမ်းခိုင်းနေတာနဲ့ ပတ်သက်ပြီးတော့လည်း အကြံပြုထားတာတွေ ပါဝင်မယ်လို့ သိရပါတယ်။

တမာမိုး သံချပ်အသင်းသားတဦးက “စစ်ကောင်စီဘက်က အရေးနိမ့်လာပြီး တော်လှန်ရေးဘက်က အရေးသာလာတာတွေ ရှိတယ်။ တဖက်မှာလည်း စစ်မှုထမ်း ဥပဒေကြောင့် ပြည်သူတွေ ကျပ်တည်းလာတာတွေ ရှိတယ်။ အဲ့အပိုင်းတွေကို ပြည်သူတွေကို ထောက်ပြ အကြံပေးထားတာတွေ ရှိတယ်။ တမာမိုးသံချပ်အဖွဲ့သားတွေကနေပြီးတော့ စစ်ကောင်စီတဖက်တည်းကို မဟုတ်ဘဲ ပြည်သူ့အစိုးရဘက်ကိုရော စောင့်ကြည့်ပြီး ပြင်ဆင်သင့်တာတွေ ထိန်းကျောင်းသင့်တာတွေ စသဖြင့် တနှစ်ပတ်လုံး စောင့်ကြည့်ပြီး သံချပ်ထဲမှာ ထည့်ထားတယ်” လို့ ပြောပါတယ်။

ခေတ်စနစ်ကို ပြည်သူတွေရဲ့ စကားသံအနေနဲ့ ဖော်ပြကြတဲ့ သံချပ်ပြိုင်ပွဲတွေကို  သင်္ကြန်ပွဲတော်မှာ ထည့်သွင်းကျင်းပလေ့ရှိကြပြီး ပြီးခဲ့တဲ့နှစ်တွေမှာလည်း ဒေသအသီးသီးက တော်လှန်ရေးအဖွဲ့တွေ၊ အင်အားစုတွေ၊ ပြည်သူတွေက ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။

သီဟ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013