လမ်း၊ အဆောက်အအုံနှင့် လူကိုယ်ပေါ် ပိုးသတ်ဆေးဖျန်းခြင်း ကိုဗစ်-၁၉ ကာကွယ်ရန် မထိရောက်
DVB
·
June 4, 2020
လမ်းတွေ၊ အဆောက်အအုံတွေနဲ့ လူကိုယ်ပေါ်ကို ပိုးသတ်ဆေးဖျန်းတာဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဖို့ ဘာမှမထိရောက်တဲ့အပြင် ဆိုးကျိုးတွေပဲ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်အရ အဲဒီနေရာတွေမှာ ပိုးသတ်သန့်စင်ဆေးရည်ကို ဖျန်းတာ ဒါမှမဟုတ် အငွေ့ပုံစံမှုတ်တာတွေကြောင့် ကိုရိုနာဗိုင်းရပ်စ်ပိုးကို ထိထိရောက်ရောက် သတ်ပေးနိုင်တယ်ဆိုတဲ့ တိကျတဲ့အထောက်အထားတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာရဲ့ ထုတ်ပြန်ချက်အရ လူအများအသုံးပြုတဲ့ စင်္ကြန်လျှောက်လမ်း၊ ကွန်ကရိခင်းမထားတဲ့လမ်း၊ လှေကားတို့မှာ ပိုးသတ်ဆေးဖျန်းတာဟာ မထိရောက်တဲ့အပြင် သတ္တုပစ္စည်းတွေကို လောင်တာ၊ ရေနေ သတ္တဝါတွေကို ပျက်စီးစေတာကြောင့် လူအများရဲ့ ကျန်းမာရေးကိုတောင် အန္တရာယ်ဖြစ်စေတယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ လူနာတွေ မြန်မာနိုင်ငံမှာတွေ့ပြီးနောက်ပိုင်း မြို့တော်တော်များများမှာ ဒီလို ပိုးသတ်ဆေးဖြန်းတာ၊ မှုတ်တာတွေကို ပြုလုပ်နေကြတာပါ။
တချို့နေရာတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေဦးဆောင်ပြီး လုပ်ကြသလို၊ အုပ်ချုပ်ရေးအဖွဲ့တွေ၊ တပ်မတော်၊ မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအဖွဲ့တွေကလည်း လမ်းတွေ၊ အဆောက်အအုံတွေ၊ quarantineစင်တာတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ပိုးသတ်ဆေးလိုက်ဖျန်းနေတာ တွေ့ရပါတယ်။
ဒါ့အပြင် ပိုးသတ်ဆေးဖျန်းတဲ့ အခန်းတွေလုပ်ပြီး လူကိုယ်ပေါ်ကို ကလိုရင်းနဲ့ ကလိုရင်းကွန်ပေါင်းပါဝင်တဲ့ ပိုးသတ်သန့်စင်ဆေးရည် ဒါမှမဟုတ် တခြားဓာတုဆေးရည် အပျော့စားတွေ ဖျန်းတာကလည်း လုံးဝ မလုပ်သင့်ဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီလိုဆေးဖျန်းတဲ့အတွက် အရေပြားထိခိုက်စေတာ၊ မျက်စိထိခိုက်စေတာ၊ ပါးစပ်ထဲကို ဝင်မယ်ဆိုရင် အာခေါင်၊ ခံတွင်းစတာတွေ ထိခိုက်ပျက်စီးတာနဲ့ အငွေ့ကို ရှူရှိက်မိရင် အသက်ရှူလမ်းကြောင်း ထိခိုက်စေတာ၊ စိတ်အနှောင့်အယှက်ဖြစ်စေတာတွေ ဖြစ်မယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးပါတဲ့ အစက်အမှုန်တွေဟာ လူအများထိတွေ့မှုများတဲ့ ပစ္စည်းတွေ၊ မျက်နှာပြင်တွေမှာ ကျရောက်နိုင်တာကြောင့် အဲဒီနေရာတွေကို ပိုးသတ် သန့်စင်ရာမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ဆေးချိန် မှန်မှန်ကန်ကန် ဖော်စပ်ထားတဲ့ ကလိုရင်း ဒါမှမဟုတ် Alcohol ကိုအခြေခံတဲ့ ဆေးရည်ဆွတ်ထားတဲ့ အဝတ်ကိုသုံးပြီး အနည်းဆုံး ၁ မိနစ်လောက် ပွတ်တိုက်တာက မှန်ကန်တဲ့နည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။