Homeမြန်မာသတင်း
မိုင်းတုံမြို့နယ်၌ တပ်မတော်နှင့် အန်စီအေလက်မှတ်ထိုးထားသည့် RCSS/ SSA တို့ တိုက်ပွဲဖြစ်
မိုင်းတုံမြို့နယ်၌ တပ်မတော်နှင့် အန်စီအေလက်မှတ်ထိုးထားသည့် RCSS/ SSA တို့ တိုက်ပွဲဖြစ်
DVB
·
June 3, 2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားဖယောင်းကျေးရွာအနီးမှာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ် ပူးပေါင်းလှုပ်ရှားစစ်ကြောင်းနဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS(SSA) အဖွဲ့တို့ ဇွန် ၃ ရက် မနက် ၈ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
"နားဖယောင်းရွာအနီးက တောင်ကုန်းတခုမှာ ယာယီစခန်းချထားတာကို လှုပ်ရှားစစ်ကြောင်း ကတွေ့ပြီး ရှင်းလင်းရာမှာ ထိတွေ့မှုဖြစ်ခဲ့တာပါ။ နှစ်ဖက် ထိခိုက်ကျဆုံးမှုတော့ မရှိပါဘူး'' လို့ တပ်မတော်သားတစ်ဦးက ပြောပါတယ်။
အဆိုပါတိုက်ပွဲနဲ့ပတ်သက်ပြီး RCSS ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းအုမ်ခေးကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းဖြေကြားခြင်း မပြုခဲ့ပါဘူး။
မိုင်းတုံစစ်ဗျူဟာအဖွဲ့ (အခြေချ)လက်အောက်ခံ နားကောင်းမူးအခြေစိုက် အမှတ်(၆၅) ခြေလျင်တပ်ရင်းနဲ့ ပုံပါကျင်အခြေစိုက် အမှတ်(၁၀၀၇)နယ်ခြားစောင့်တပ် ပူးပေါင်းပြီး နားကောင်းမူး ရွာအနောက်ဘက်မိုင်၂၀ ခန့်အကွာ လွယ်ချီလိတ်၊ မလူလာ၊ ယမ်းခမ်း၊ နားဖယောင်း ခွင်အတွင်း လှုပ်ရှားဆောင်ရွက်စဉ် RCSS/ SSA ယာယီစခန်းတစ်ခုကို တွေ့ရှိရာ ၂ နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
မိုင်းတုံမြို့နယ်အတွင်း တပ်မတော်နဲ့ RCSS တပ်တို့ လွန်ခဲ့တဲ့ ၁ လခန့်ကလည်း မုံးအစ်ကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်က စစ်သည်တစ်ဦးကျ ဆုံးခဲ့ပါတယ်။
ရှမ်းပြည်ညီညွတ်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟာ နိုင်ငံတော်အစိုးရနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ် (NCA)ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။
တပ်မတော်က ဩဂုတ်လကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားချိန်မှာ ရှမ်းပြည်နယ်ထဲမှာရော ရခိုင်ပြည်နယ်ထဲမှာပါ တိုက်ပွဲတွေ မရပ်မနား ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
သတင်း- အောင်ဇေယျ