ပြင်သစ်တွင် လော့ဒေါင်းရုပ်သိမ်းပြီးနောက် စားသောက်ဆိုင်များ ပြန်ဖွင့်
DVB
·
June 3, 2020
ပြင်သစ်နိုင်ငံ နိတ်စ်မြို့က စားသောက်ဆိုင်တစ်ဆိုင်ဟာ လော့ဒေါင်းအစီအမံတွေ ရုပ်သိမ်းတာနဲ့တပြိုင်နက် ညသန်းခေါင်အချိန် ဇွန် ၂ ရက်မှာ ဆိုင်ပြန်ဖွင့်ခဲ့ပါတယ်။
“ပရီဇွန်း-ဒီဘူးဖယ်” ဆိုတဲ့ အသားကင်ဆိုင်ကို သီတင်း ၁၁ ပတ်ကြာ ပိတ်ထားခဲ့ပြီး ပြန်ဖွင့်ချိန်မှာတော့ လော့ဒေါင်းအလွန် ပထမဆုံး အပြင်ထွက်စားတဲ့ အတွေ့ကြုံကို တောင့်တနေသူ ဧည့်သည် ၁၀၀ ဝန်းကျင် လာရောက် စားသောက်ခဲ့ပါတယ်။
ပုံမှန်တော့ အဲဒီအကင်ဆိုင်ဟာ သန်းခေါင်ယံမတိုင်မီ ပိတ်လေ့ရှိပြီး နောက်တစ်နေ့ နေ့လယ်စာ စားချိန်မှ ပြန်ဖွင့်တာပါ။ ဒါ့ပေမဲ့ လော့ဒေါင်း ဖြေလျှော့တာကို ကြိုဆိုတဲ့အနေနဲ့ ဆိုင်မန်နေဂျာတွေက သန်းခေါင်ယံ အထူးဖွင့်ပွဲလေးလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက် ကျဆင်းတာနဲ့အတူ ဇွန် ၂ ရက်ကစပြီး စားသောက်ဆိုင်တွေနဲ့ ဘားတွေကို ပြန်ဖွင့်တာ၊ ကမ်းခြေမှာ နေပူဆာလှုံတာ ပြန်လုပ်တာနဲ့ ကီလိုမီတာ ၁၀၀ ခရီးသွားလာခွင့် တားမြစ်ချက် ရုပ်သိမ်းတာတွေကို အစိုးရက လုပ်ဆောင်ခဲ့ပါတယ်။
ဒီအကင်ဆိုင်လေးရဲ့ စားပွဲခုံတွေကို လေဝင်လေထွက်ကောင်းစေဖို့ လမ်းပေါ်မှာ ခင်းခဲ့ပါတယ်။ စားပွဲထိုးတွေဟာ နှာခေါင်းစည်းတွေ တပ်ထားပြီး ဧည့်သည်တွေ ပြန်သွားတိုင်း စားပွဲတွေကို ပိုးသတ်ဆေးဖျန်းပါတယ်။ နောက်ပြီး လက်သန့်ဆေးရည်တွေကိုလည်း လူသွားလူလာများတဲ့ နေရာတွေမှာ ထားရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။