အေအေအဖွဲ့က ဖမ်းခေါ်သွားသည့် ကလေး ၁ ဦးအပါအဝင် ၄ ဦးကို ပြန်လွှတ်
DVB
·
May 30, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ၂ နှစ်အရွယ် ကလေး ၁ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ ကုန်းတန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနက ကျန်းမာရေးမှူး ဦးစိုးသူဝင်းတို့ကို မေ ၂၉ ရက်နေ့ညက ပြန်လွှတ်ပေးလိုက်ပြီလို့ ရက္ခိုင်တပ်မတော် (အေအေ)က သတင်းထုတ်ပြန်ပါတယ်။
သူတို့ကို အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချရတဲ့နေရာမှာ ငွေ ၄ သောင်းစီပေးပြီး လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းအား “ဟုတ်ပါတယ်။ မနေ့ကတည်းက အားလုံးလွတ်မြောက်လာကြတယ်” လို့ အတည်ပြုပြောဆိုပါတယ်။
ရသေ့တောင်မြို့နယ် သဇင်မြိုင်ရဲကင်းစခန်းအား မေ ၂၉ ရက် မနက် ၂ နာရီလောက်မှာ အေအေအဖွဲ့က အင်အားအလုံးအရင်းနဲ့ ဝင်တိုက်ခဲ့စဉ် ရဲတပ်ဖွဲ့ဝင် ၆ ဦးနဲ့အတူ ကလေး ၁ ဦး၊ အမျိုးသမီး ၂ ဦးတို့ကို ဖမ်းဆီခေါ်ဆောင်သွားခဲ့တာပါ။
ကျန်းမာရေးမှူး ဦးစိုးသူဝင်းကိုတော့ မေ ၁၆ ရက်နေ့က ရသေ့တောင်မြို့နယ်၊ ဇီးကုန်းတန်း ကျေးလက်ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆေးခန်းစောင့်လင်မယားနဲ့အတူ ဖမ်းဆီးသွားခဲ့ပြီးနောက် ကျန်နှစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ကျန်းမာရေးမှူး ၁ ဦးတည်းကိုသာ ထိန်းသိမ်းထားခဲ့တာပါ။
မေ ၂၉ ရက် မနက် ၂ နာရီလောက်မှာ အင်အားအလုံးအရင်းနဲ့ သဇင်မြိုင်ရဲကင်းစခန်းအား အေအေအဖွဲ့က ဝင်တိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးပြီး တပ်ဖွဲ့ဝင် ၆ ဦး၊ ကလေး ၁ ဦးအပါအဝင် မိသားစုဝင် ၃ ဦးတို့ ပျောက်ဆုံးနေတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကလေး ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး အပါအဝင် ကျေးလက်ကျန်းမာရေးမှူး ဦးစိုးသူဝင်းတို့အား ဘူးသီးတောင်မြို့နယ် ငွေတောင်ကျေးရွာ စာသင်ကျောင်းမှာ ကျေးရွာတာဝန်ရှိသူတွေထံ ကောင်းမွန်စွာ ပြန်လည်အပ်နှံခဲ့တယ်လို့ အေအေအဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရသေ့တောင်မြို့နယ် ကျေးလက်ကျန်းမာရေးမှူးကို ပြန်လွှတ်ပေးဖို့ အခြေခံကျန်းမာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက မေလ ၂၄ ရက်မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ကြပါသေးတယ်။
အေအေအဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသူတွေထဲက အရပ်သားတွေကို လွှတ်ပေးခဲ့ပေမယ့် ရဲ့တပ်ဖွဲ့ဝင်တွေကိုတော့ ပြန်လွှတ်ပေးခြင်း မရှိသေးပါဘူး။
လင်းလက်