Homeမြန်မာသတင်း
ဧရာဝတီတိုင်းတွင် စည်းကမ်းနှင့်ညီသည့် ဟိုတယ် ၆ လုံးနှင့် တည်းခိုခန်း ၆၉ လုံး ပြန်ဖွင့်ခွင့်ပေး
ဧရာဝတီတိုင်းတွင် စည်းကမ်းနှင့်ညီသည့် ဟိုတယ် ၆ လုံးနှင့် တည်းခိုခန်း ၆၉ လုံး ပြန်ဖွင့်ခွင့်ပေး
DVB
·
May 29, 2020
ဧရာဝတီတိုင်းအတွင်း ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးနှင့်ထိန်းချုပ်ရေးကော်မတီရဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ညီတဲ့ ဟိုတယ် ၆ လုံးနဲ့ တည်းခိုခန်း ၆၉ လုံးကို ပြန်ဖွင့်ခွင့်ပြုထားတယ်လို့ တိုင်းစည်ပင်က ပြောပါတယ်။
ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ တည်းခိုသူတွေ နေထိုင်တဲ့အခန်းတွေ၊ စားသောက်ခန်တွေ၊ အိမ်သာတွေ၊ ရေချိုးခန်းတွေ ရောဂါကူးစက်မှုမရှိအောင် ကျန်းမာရေးဝန်ကြီးဌာန လမ်းညွန်ထားချက်ကို စီမံဆောင်ရွက်ထားမှုအား ပူးပေါင်းအဖွဲ့တွေက စစ်ဆေးနေတယ်လို့ ဧရာဝတီတိုင်းစည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း ခွင့်ပြုထားတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ဟိုတယ် ခရီးဌာနက လိုက်လံစစ်ဆေးပြီး စည်ပင်သာယာရေးဌာနခွင့်ပြုထားတဲ့ တည်းခိုခန်းတွေကို စည်ပင်သာယာရေးနဲ့ မြို့နယ်ကိုဗစ်ကော်မတီပူးပေါင်းအဖွဲ့တို့ လိုက်စစ်ဆေးနေတာလို့ ဆိုပါတယ်။
“တိုင်းကိုဗစ်ကော်မတီက စည်းကမ်းသတ်မှတ်ချက်တွေကို အတည်ပြုပြီး ပူးပေါင်းအဖွဲ့နှစ်ဖွဲ့နဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ဆောင်ရွက်တဲ့နေရာမှာ ပုသိမ်က ဟိုတယ် ၁၂ လုံး၊ တည်းခိုခန်း ၁၂ လုံးကို စစ်ဆေးပြီးသွားပါပြီ”လို့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။
ဟိုတယ်ခရီးနဲ့ပူးပေါင်းအဖွဲ့က ပုသိမ်မြို့ရှိဟိုတယ်တွေကို စစ်ဆေးပြီးဖြစ်ပြီး တခြားမြို့နယ်တွေက ဟိုတယ်တွေကိုလည်း သွားရောက်စစ်ဆေးပြီး သတ်မှတ်ချက်နဲ့ညီပါက တိုင်းကိုဗစ်ကော်မတီ ခွင့်ပြုချက်နဲ့ ပြန်ဖွင့်ခွင့်ပြုမယ်လို့ ဆိုပါတယ်။
စည်ပင်ကခွင့်ပြုထားတဲ့ တည်းခိုခန်း ၆၉ လုံးကိုလည်း စစ်ဆေးပြီးဖြစ်ပြီး မေလ၂၇ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခွင့်ပြုဖို့ စာထုတ်ပေးတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ဟိုတယ်နှင့်ခရရီးသွားဝန်ကြီးဌာနက ခွင့်ပြုထားတဲ့ ဟိုတယ် နှင့်တည်းခိုခန်း ၁၁၁ ခုရှိပြီး စည်ပင်သာယာကခွင့်ပြုထားတဲ့ တည်းခိုခန်းက ၄၆၀ ရှိတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းအတွင်း ကမ်းခြေခရီးသွားလုပ်ငန်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုဖို့ လုပ်ငန်းရှင်တွေက မေ ၂၅ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ကျင်းပပြုလုပ်တဲ့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးမှာ တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က လက်ရှိအချိန်အထိ ကမ်းခြေတွေ ပြန်လည်ဖွင့်လှစ်ဖို့ အမိန့်မထုတ်ပြန်သေးကြောင်းနဲ့ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်နေတယ်လို့ ပြောပါတယ်။
“လုံလောက်တဲ့စီမံခန့်ခွဲမှုတွေရှိမယ်ဆိုရင် ကမ်းခြေဒေသဟိုတယ်တွေနဲ့ ကမ်းခြေဒေသခရီးသွားလာရေးလုပ်ငန်းကိုပါ စနစ်တကျအစီအမံတွေနဲ့ ပြန်လည်ဖွင့်လှစ်ဖို့ ဆက်လက်ဆောင်ရွက်နေပါတယ်။”
ဧရာဝတီတိုင်းမှာ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံနဲ့ ဂေါ်ရင်ဂျီကမ်းခြေတွေ ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ မတ် ၂၆ ရက်နေ့ကစပြီး ယာယီပိတ်သိမ်းခိုင်းထားတာပါ။