ကသာထောင်က အပြင်အလုပ်ထွက်လုပ်သည့် အကျဉ်းသား၂ ဦး၏ စအိုအတွင်းမှ မူးယစ်ဆေးများဖမ်းမိ
Aung Ko Latt
·
May 27, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ အကျဉ်းထောင်မှာ မေလ ၂၆ ရက်နေ့ ညနေပိုင်းက လယ်ဘုတ်ကနေ အလုပ်သိမ်းပြီး ပြန်လာတဲ့ အကျဉ်းသားတွေကို စစ်ဆေးရာမှာ ကျပ် သိန်း ၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ရှာဖွေတွေ့ရှိ ဖမ်းမိခဲ့ပါတယ်။
မူးယစ်ဆေးတွေကို လယ်ဘုတ်မှာ အလုပ်သွားလုပ်နေတဲ့ အကျဉ်းသား ဝင်းမောင်(၃၀ နှစ်)၊ နေမင်းအောင် (ခ) နေစန်းအောင် (၂၀ နှစ်) တို့ရဲ့ စအိုအတွင်း အရှည် ၃ လက်မခွဲ၊ အချင်း ၁ လက်မခန့်ရှိ အပြာရောင်အုန်းဆီးဘူးခွံ ၂ ခုအတွင်းက WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၃၇၀ ပြား၊ ကာလတန်ဖိုး ကျပ် ၁၈ သိန်းခွဲနဲ့ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါကြားအမှုန့် ၂ ဂရမ်ခန့်ပါ ဘူး ၁ ဘူး၊ ကာလတန်ဖိုး ၂ သိန်းကျပ်ခန့် စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၂,၀၅၀,၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို အကျဉ်းထောင်တံခါးမကြီးမှာ ရှာဖွေဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အကျဉ်းသားတွေရဲ့ ဆက်စပ်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးတွေကို မူးယစ်မှုနဲ့ ထောင်ကျပြီး ကသာအကျဉ်းထောင်ကနေ ပြီးခဲ့တဲ့ ဧပြီလက သမ္မတရဲ့ လွတ်ငြိမ်းနဲ့ လွတ်မြောက်ခဲ့သူ သီဟ(ခေါ်)စိုးသီဟက မူးယစ်မှုနဲ့ ထောင်ဒဏ် ၁၂ နှစ်ကျခံနေရသူ အောင်ဝင်း (ခ) အာလူး(၄၉ နှစ်) ထံကို ငွေကျပ် ၅၀၀၀၀ ပေးကာ ပို့ဆောင်စေခဲ့တာလို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ကသာအကျဉ်းဦးစီးဌာန လ/ထ ကြီးကြပ်ရေးမှူးတစ်ဦးက တရားလိုပြုလုပ်ကာ ကသာမြို့မရဲစခန်းမှာ မူးယစ်(ပ)၈၃/၂၀၂၀၊ မူးစိတ်ပုဒ်မ ၁၉(က)၊ ၂၁ တို့နဲ့ အမှုဖွင့်ထားပါတယ်။ ဆက်စပ်တရားခံဖြစ်သူ သီဟ(ခေါ်)စိုးသီဟကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။
"လောလောဆယ်တော့ စစ်ဆေးတုန်းပဲရှိပါသေးတယ်။ ဆက်စပ် တရားခံဖမ်းဆီးရမိရေး လည်း ဆောင်ရွက်နေပါတယ်။ အခုဖမ်းထားတဲ့အထဲမှာ မူးယစ်နဲ့ ထောင်ကျနေတာတော့ တစ်ယောက်ပါဝင်ပါတယ်။"လို့ ကသာမြို့မရဲစခန်းမှ အမှုစစ် ရဲအုပ် ညီညီဌေးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ကသာအကျဉ်းထောင်မှာပဲ အကျဉ်းထောင်ဝန်ထမ်း ၂ ဦးထံကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါသေးတယ်။