ဧရာ၀တီတိုင်း၊ မြောင်းမြမြို့၊ မြောင်းမြအကျဉ်းထောင်မှာ သြဂုတ် ပထမအပတ်က စတင်ပြီး အကျဉ်းသားတွေအတွက် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အပြင် ဆေးဝါးပို့ခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေနဲ့ အကျဉ်းသား မိသားစုတွေဆီက သိရပါတယ်။
အကျဉ်းသားတွေနဲ့ နီးစပ်သူက “မြောင်းမြထောင်ထဲမှာ ထောင်ဒဏ် ၁၅ ချမှတ်ခံထားရတဲ့ အသက် ၅၀ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားတယောက်မှာ အစာအိမ်ရောဂါဖြစ်နေတယ်။ အကျဉ်းဦးစီးဌာနက ထောင်ဆရာဝန်တွေက အကိုက်အခဲပျောက်ဆေး တမျိုးကိုပဲ ပေးတယ်။ ဒါကိုသိတဲ့ အကျဉ်းသားမိသားစုတွေက ဆေးဝါးတွေ ပို့ပေးတယ်။ ပေးတဲ့ဆေးတွေလည်း ပေးသလောက် မရောက်ဘူး ဖြစ်နေတာ” လို့ ပြောပါတယ်။
မြောင်းမြအကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က “ပြင်ပကပို့တဲ့ ဆေးဝါးတွေကို အကျဉ်းဦးစီးဌာနက လက်ခံတယ်။ ခက်တာက နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေ လက်ထဲကို မရေရာဘူး။ ကြားမှာတင်ပဲ သူတို့ သိမ်းဆည်းလိုက်တာမျိုးတွေ ရှိနေတယ်ပေါ့။ အဲဒါ လုံးဝကို မဖြစ်သင့်တဲ့ကိစ္စပဲ။ သူတို့ဘက်ကလည်း ဆေးဝါးလုံလုံလောက်လောက် မပေးနိုင်ဘူး။ မိသားစုက ပေးတဲ့ ဆေးဝါးကိုလည်း လက်မခံဘူးဆိုတာက တဖက်လှည့်နဲ့ သူတို့က အကျဉ်းသား၊ အကျဉ်းသူတွေကို သေဆုံးအောင် လုပ်နေတာ” လို့ ပြောပါတယ်။
မြောင်းမြအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေ အပါအဝင် အကျဉ်းသား အားလုံး လုံလောက်တဲ့ ဆေးကုသခွင့်မရတဲ့ အခြေအနေနဲ့ ကြုံနေရတာကြောင့် နာတာရှည် ဝေဒနာရှင် အကျဉ်းသား အယောက် ၅၀ ထက်မနည်း ကျန်းမာရေးအခြေအနေ ဆိုးနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒါ့အပြင် ထောင်ပြင်ပဆေးရုံမှာ ဆေးကုသဖို့ တောင်းဆိုထားပေမဲ့ စစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်တွေက လက်ရှိအချိန်ထိ ခွင့်ပြုပေးတာမရှိဘူးလို့ သိရပါတယ်။