မူဆယ်တွင် ပေါက်ကွဲမှု ၂ ကြိမ်ဖြစ် ထိခိုက်ဆုံးရှုံးမှုမရှိ
နန်းမြနဒီ
·
May 27, 2020
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ထဲမှာ မေလ ၂၆ ရက် မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွါးခဲ့ပါတယ်။
မူဆယ်မြို့ စွမ်စော်ရပ်ကွက် (၁) နဲ့ မန့်ဝိန်းနယ်မြေအကြား လမ်းသွယ် ၂ ထဲမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ စွမ်စော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းနွမ်သန်းက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့တုန်းက မွန်းလွဲ ၁၂ နာရီခွဲကျော် ၁ နာရီထိုးခါနီးလောက်မှာ ပေါက်ကွဲသံကြားလို့ တာဝန်ရှိသူတွေနဲ့အတူ သွားကြည့်ခဲ့ပါတယ်ခင်ဗျ။ ပေါက်ကွဲသံက ၂ ခါ မရှေးမနှောင်းပဲ။ အဲဒီ တနေရာတည်းမှာ ဖြစ်တာပါ။ ကျနော်တို့ရပ်ကွက်နဲ့ မန့်ဝန်းနယ်မြေအစပ် သရက်ပင်ကြီး တစ်ပင်အောက်မှာ ပေါက်ကွဲသွားတာ။ မြေကြီးတွေဖွာထွက်သွားပြီး ဖိုင်ဘာအပိုင်းအစတွေပဲ တွေ့တယ်။ ထိခိုက်ဒဏ်ရာရတာ ကြီးကြီးမားမားမရှိဘူး။ ဖြတ်သွားတဲ့ လူတစ်ယောက် သူ့ခေါင်းကို ဗုံးစနည်းနည်းမှန်တယ်။ ဆေးရုံသွားရတဲ့အထိ ဒဏ်ရာ မပြင်းဘူး။ အဲဒီနေရာက လူစည်ကားတဲ့ နေရာတော့မဟုတ်ပါဘူး။ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးနဲ့တော့နီးတယ်။ လူနေအိမ်တ ချို့လည်းရှိတယ်”
ဗုံးလာပစ်သွားသူဟာ ဘယ်သူလဲ၊ ဘာကြောင့်လဲဆိုတာတော့ မသိရကြောင်း၊ ပေါက်ကွဲမှုမဖြစ်ခင် ၁၅ မိနစ်အလိုလောက်က ဆိုင်ကယ်တစီး ဖြတ်သန်းသွားတာကိုတော့ လူတချို့က လှမ်းမြင်လိုက်တယ်လို့ သူက ဆက်ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် မူဆယ်ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ တမြို့လုံးကို ပိုက်စိပ်တိုက်စစ်ဆေးခဲ့ပေမယ့် တရားခံကိုတော့ မမိသေးဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနကတော့ မူဆယ် စွမ်စော်ရပ်ကွက်ထဲမှာ အသံမိုင်း ၂ လုံးပေါက်ကွဲတာလို့ ဖော်ပြပါတယ်။
ဒီဖြစ်စဉ်နဲ့ တစ်နေ့တည်း တချိန်တည်းလိုမှာ မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ယာဉ်တစ်စီးပေါ်ကနေ လက်ပစ်ဗုံး ၄ လုံးဖမ်းဆီး ရမိတယ်လို့ မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြပါတယ်။
မူဆယ်မြို့နယ်ထဲမှာ ဒုစရိုက်ပြုလုပ်သောင်းကျန်းသူတွေ မခိုအောင်းနိုင်ရေးစီမံချက်အတွက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီး တရားမဝင်လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး ဆောင်ရွက်နေရာမှာ မေ ၂၆ ရက် မွန်းလွဲပိုင်းက ဟိုမွန်ရပ်ကွက် ပြည်ထောင်စုလမ်းပေါ်မှာ အဖြူရောင် Harrier ယာဉ်တစ်စီးရဲ့ နောက်ဖုံးအံဝှက်ထဲကနေ ဆွဲကြိုးလက်ပစ်ဗုံး ၂ လုံး ၊ MG 1 လက်ပစ်ဗုံး ၂ လုံးစစ်ဆေး သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းသူမှာ အသက် ၁၇ နှစ်ရွယ် လူငယ်တစ်ဦးဖြစ်ပြီး MOON LIGHT KTV ဆိုင်က ဝန်ထမ်းဖြစ်တယ်လို့ မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးသတင်းမှာ ဖော်ပြပါတယ်။
မေလ ၁၁ ရက်ကလည်း မူဆယ်မြို့အဝင် OHC တိုးဂိတ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး တရားခံကို ရှာဖွေဖမ်း ဆီးနိုင်ခြင်းမရှိပါဘူး။
ဓာတ်ပုံ- MOI