Homeမြန်မာသတင်း
ဘေးထိုင်ဘုပြောနေမယ့်အစား တည့်တည့်ထိုင် အမှန်ပြောပြီး လက်တွေ့လုပ်တာ ပိုကောင်းလိမ့်မယ် - ဗိုလ်မှူးချုပ်ဇော်မင်းထွန်း
ဘေးထိုင်ဘုပြောနေမယ့်အစား တည့်တည့်ထိုင် အမှန်ပြောပြီး လက်တွေ့လုပ်တာ ပိုကောင်းလိမ့်မယ် - ဗိုလ်မှူးချုပ်ဇော်မင်းထွန်း
အောင်ကိုကိုလတ် (နေပြည်တော်)
·
May 23, 2020
တပ်မတော်ရဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေအပေါ် အမျိုးမျိုးဝေဖန်ပြောဆို မှုတွေရှိနေပေမယ့် နိုင်ငံအကျိုး၊ အမျိုးသားကောင်းကျိုး၊ ပြည်သူ့ကောင်းကျိုး၊ နိုင်ငံကောင်းကျိုး အများအတွက် ဆက်လုပ်သွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
မေ ၂၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။
“တပ်မတော်ရဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်မှာ အမျိုးမျိုးဝေဖန်နေတာတော့ ရှိပါတယ်။ တပ်မတော်အနေနဲ့ကတော့ နိုင်ငံအကျိုး၊ အမျိုးသားကောင်းကျိုး၊ ပြည်သူ့ကောင်းကျိုး ဆောင်ရွက်နေနေ၊ နိုင်ငံတော်ရဲ့လိုအပ်ချက်တွေ ဖြည့်ဆည်းဆောင်ရွက်ပေးနေသူတွေကို ကျနော်တို့က ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မကြာခဏပြောသလို ပြည်သူလူထု အားကိုးရတဲ့၊ နိုင်ငံတော်က အားထားရတဲ့ တပ်မတော်ဖြစ်အောင် ကျနော်တို့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံအရေး၊ အမျိုးသားအရေး ဆောင်ရွက်ချက်တွေမှာ တချို့ ဝေဖန်နေတာတွေလည်း ရှိပါတယ်။ ပြည်သူလူထုအပေါ်မှာ ဘာတွေများ ပွန်းပဲ့သွားလဲလို့ မေးခွန်းထုတ်စရာရှိပါတယ်။ ကျနော် ပြောလိုတာကတော့ ဒါတွေနဲ့ပတ်သက်ပြီး ဘေးထိုင်ဘုပြောနေမယ့်အစား တည့်တည့်ထိုင် အမှန်ပြောပြီးတော့ လက်တွေ့လုပ်တာက ပိုပြီးတော့ ကောင်းလိမ့်မယ်လို့၊ လက်တွေ့ဆန်လိမ့်မယ်လို့ အကြံပြုလိုက်ပါတယ်။”
ကိုဗစ်အတွက် ကာကွယ်ရေးပစ္စည်းတွေကို ဘယ်အဖွဲ့အစည်းကိုမှ ချန်လှပ်ထားတာမျိုး မရှိဘဲ တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေမှာ လှူဒါန်းတာတွေပြီး အများပြည်သူသွားလာတဲ့ လေဆိပ်၊ စာသင်ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေမှာ ပိုးသတ်ဆေးဖျန်းတာတွေ၊ တည်းခိုရေးရိပ်သာတွေမှာ Quarantine Center အဖြစ် ထားရှိပေးတာတွေ၊ အများပြည်သူသက်သာချောင်ချိရေးအတွက် ထမင်းဟင်းချက်ရောင်းချ တာတွေလည်း ရှိပါတယ်။
တပ်မတော်က ကိုဗစ် ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဘာသာရေးအဆောက်အအုံတွေ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာ ၁၃၈၀၀ နေရာကျော်ကို ပိုးသတ်ဆေးဖျန်းတာတွေ၊ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။