အီတလီတွင် ပိတ်မိနေသည့် မြန်မာသင်္ဘောသား ၂၅ ဦးကို ပြန်ပို့ဆောင်
DVB
·
May 22, 2020
အီတလီနိုင်ငံမှာ အခက်အခဲတွေ့နေတဲ့ မြန်မာသင်္ဘောသား ၂၅ ဦးကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် နိုင်ငံတကာလေကြောင်းလိုင်းတွေ ပျံသန်းမှုယာယီရပ်ဆိုင်းထားစဉ် အီတလီနိုင်ငံ၊ Civitavecchia နဲ့ Genoa ဆိပ်ကမ်းရှိ MSC Grandiosa နဲ့ MSC Splendida ကမ္ဘာလှည့်သင်္ဘောတွေပေါ်မှာ အခက်အခဲဖြစ်တဲ့ မြန်မာသင်္ဘောသား ၂၅ ဦးကို ပြန်လည်ခေါ်ယူခဲ့တာပါ။
ဒီကနေ့ မေလ ၂၁ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်က Alitalia လေကြောင်းအမှတ် AZ 318 နဲ့ Fiumicino အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ရာ အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းတွေက လေဆိပ်သို့ လိုက်ပါပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရောမမြို့ရှိ မြန်မာသံရုံးအနေနဲ့ အီတလီနိုင်ငံမှာ အခက်အခဲဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်ဖို့ ဆက်လက်ဆောင်ရွက်ပေးနေ တယ်လို့လည်း သိရပါတယ်။
ပြည်ပနိုင်ငံတွေမှာ အခက်အခဲတွေ့နေကြတဲ့ မြန်မာနိုင်ငံသားတွေကို အစိုးရရဲ့ စီစဉ်တဲ့ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်ခေါ်ခဲ့ရာမှာ မေလ ၂၁ ရက်အထိ မြန်မာနိုင်ငံသားစုစုပေါင်း ၂၀၃၇ ဦးရှိသွားပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီနေ့ မနက်ပိုင်း အထိ COVID-19 အတည်ပြုလူနာစုစုပေါင်း ၁၉၉ ဦး အထိရှိနေရာမှာ ဒီအထဲက ပြည်ပကနေ ကူးစက်ခံရသူ စုစုပေါင်းဟာ ၄၃ ဦးရှိပါတယ်။
အီတလီနိုင်ငံဟာ COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုအဖြစ်အများဆုံး နိုင်ငံတွေထဲမှာ ပါဝင်သလို အပျော်စီး ကမ္ဘာလှည့်သင်္ဘောတွေပေါ်မှာလည်း COVID-19 ကူးစက်ခံရတာတွေ ရှိခဲ့ပါတယ်။