ကျောက်တံခါးမြို့နယ်၌ ဆီဘောက်ဆာကားနှင့် ကုန်တင်ကားတိုက်မိ၊ လူ ၁ ဦး မီးလောင်သေဆုံး
DVB
·
May 21, 2020
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ အောင်မြင်မြို့(တောကျွဲအင်း)မြို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းမိုင်တိုင်အမှတ် ၁၁၃/၂ အနီးမှာ မေ ၂၁ ရက် မနက် ၂ နာရီလောက်က ဆီဘောက်ဆာကားနဲ့ ၁၈ ဘီးကား တစ်စီးတို့ တိုက်မိခဲ့တာကြောင့် ယာဉ်မောင်းတစ်ဦး မီးလောင် သေဆုံးသွားတယ်လို့ အောင်မြင်ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက ပြောပါတယ်။
"နောက်ကနေ တိုက်တာ၊ ကျော်တက်တဲ့အချိန်မှာ နောက်ကနေ ဝင်တိုက်မိတာ။ တိုက်တဲ့ကားက မီးလောင်ပြီး သေတာပါ”လို့ အောင်မြင်ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူက ပြောပါတယ်။
ရန်ကုန်-မန္တလေး ကားလမ်းဟောင်းအတိုင်း ရန်ကုန်မှ တောင်ငူဘက်သို့ ဦးဇော်မျိုးထက် (၃၅ နှစ်)မောင်းနင်လာတဲ့ ဆီဘောက်ဆာက ရှေ့က မောင်းနှင်နေတဲ့ ၁၈ ဘီးယာဉ်ကို နောက်ကနေ ဝင်တိုက်မိရာက မီးလောင်သွားခဲ့တာပါ။
၁၈ ဘီးကား ယာဉ်မောင်းနဲ့ နောက်လိုက်တို့က ခုန်ချထွက်ပြေးလွတ်မြောက်သွားပေမဲ့ နောက်က တိုက်မိတဲ့ကားရဲ့ ဒရိုင်ဘာ ဇော်မျိုးထက်ဟာ မီးလောင်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာပဲ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ယာဉ်တိုက်မီးလောင်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဇော်မျိုးထက်ကို အောင်မြင်ရဲတပ်ဖွဲ့စခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။
သတင်း - ကျော်အောင် (ကညွတ်ကွင်း)