Homeမြန်မာသတင်း
ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးကို တာဝန်မှရပ်ဆိုင်းရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တောင်းဆို
ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးကို တာဝန်မှရပ်ဆိုင်းရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တောင်းဆို
နော်နိုရင်း
·
May 20, 2020
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်ကို တာဝန်မှ ရပ်ဆိုင်းပေးဖို့ ဒီးမော့မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက စုပေါင်းလက်မှတ်ထိုးပြီး တောင်းဆိုလိုက်ပါတယ်။
မေလ ၁၃ ရက်နေ့စွဲနဲ့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူဆီ လိပ်မူပြီး စိစစ်ပေးနိုင်ဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။
အဲဒီတောင်းဆိုထားတဲ့စာမှာ ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်ဟာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေနဲ့ စီမံခန့်ခွဲမှုလုပ်ဆောင်ရာမှာ ရိုင်းပြသတဲ့ နုတ်အမူအရာ စကားလုံးသုံးနှုန်းတာ၊ မြို့နယ်အတွင်း ကုန်းမြင့်လယ်ယာဖော်ဆောင်ရေးလုပ်ငန်း ဆောင်ရွက်ရာမှာ ဒေသခံတွေရဲ့သဘောဆန္ဒမပါဘဲ အုပ်ရေးချုပ်ရေးမှူးတွေကို ဒေသခံတွေရဲ့ ကိုယ်စား တာဝန်ယူ လက်မှတ်ထိုးစေတာ၊ ရာထူးတာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ကာ ဥပဒေနဲ့ မညီဘဲ အတင်းအကြပ်စေခိုင်းတာတွေ လုပ်ဆောင်နေကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်၊ ကျေးရွာအတွင်းလိုအပ်တဲ့ ကိစ္စတွေကို တင်ပြတဲ့အခါ ဆောင်ရွက်ခြင်းမရှိဘဲ လစ်လျူရှုတာ၊ သူ့ရဲ့စီမံခန့်ခွဲမှုညံ့လို့ ဖြစ်ပေါ်လာတဲ့ အမှားတွေကိုလည်း တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲ အုပ်ချုပ်ရေးမှူးတွေကိုသာ အပြစ်ပုံချ ခေါင်းရှောင်နေတယ်လို့လည်း ပါရှိပါတယ်။
ဒါကြောင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်ကို လုံးဝအလိုမရှိတော့ကြောင်းနဲ့ တာဝန်ကနေ ရပ်စဲပေးဖို့ တောင်းဆိုထားပါတယ်။
ဒီးမော့ဆိုမြို့နယ်က ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး ထောက်ခံကြိုဆိုကြောင်း ကယားပြည်နယ်အခြေစိုက် ဒေသခံတိုင်းရင်းသားလူမှုအဖွဲ့အစည်း ၅ ဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ဒီးဒီ (ခ) စစ်မုန်းကတော့ “အဓိက အောက်ခြေ ပြည်သူတွေနဲ့ အဓိက ထိတွေ့တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအပေါ်မှာ အာဏာပြတာ တို့၊ ဖိနှိပ်တာတို့ မဖြစ်အောင် ကျနော်တို့ ထုတ်ပြန်ရခြင်းဖြစ်တယ်။ နောက် အောက်ခြေကျေးရွာ အုပ်ချုပ်ရေးမှူးဆိုတာ ကျနော်တို့နဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ ပုဂ္ဂိုလ်တွေပေါ့နော်။ ရွာအကြောင်း၊ ဒေသအကြောင်း၊ ပြည်နယ်အကြောင်း ပိုသိတယ်ပေါ့နော်။ မြို့နယ်အုပ်ချုပ်ရေးမှူးဆိုတာက တခြားနေရာကနေ လာပြီးတော့ တာဝန်လာထမ်းဆောင်ရတဲ့လူတွေဖြစ်တယ်။ သူတို့အကြောင်းစုံ မသိဘဲ သူတို့ဖြစ်ချင်တဲ့ဟာ သူတို့ရာထူးတိုးရေး၊ သူတို့မျက်နှာသာရရေး၊ သူတို့ကိုယ်ကျိုးအတွက် အောက်ခြေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အမျိုးမျိုးဖိအားပေးတာ၊ နှောက်ယှက်တာ၊ အာဏာ ပြတာကို ကျနော်တို့ မလိုလားဘူး။”လို့ ပြောပါတယ်။
ကယားပြည်နယ်ကို အုပ်ချုပ်ရေးမှူးစေလွှတ်တဲ့နေရာမှာ အလုပ်သင်သဘော၊ ပြစ်ဒဏ်သဘောနဲ့ အငြိမ်းစားယူခါနီးလူတွေကို ပို့ဆောင်တာ ခေတ်အဆက်ဆက်ကြုံတွေ့ခဲ့ရပြီး အရည်သွေး ပြည့်တဲ့အုပ်ချုပ်ရေးမှူးတွေ ပို့ပေးဖို့ လိုတယ်လိုလည်း ကိုဒီးဒီက ပြောပါတယ်။
“ကျနော်တို့ပြည်နယ်က ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး၊ လူတွေကလည်း အကြောက်တရားအောက်မှာ ရှိနေတဲ့အချိန်မှာ ဆိုးတဲ့အုပ်ချုပ်ရေးမှူးတွေ၊ အရည်အသွေးမမီတဲ့အုပ်ချုပ်ရေးမှူးတွေကို ပို့တာက ပြည်သူတွေကို နောက်ထပ် နစ်မွန်းအောင်လုပ်တဲ့ ပုံစံဖြစ်တယ်ပေါ့နော်။ ဆိုတော့ နောက်ထပ် အုပ်ချုပ်ရေးမှူးတွေစေလွှတ်တဲ့အခါမှာ ဖွံ့ဖြိုးဖို့လိုအပ်တဲ့ပြည်နယ်ကို ပိုကောင်းတဲ့ အုပ်ချုပ်ရေးမှူး၊ အရည်သွေး ပြည့်တဲ့အုပ်ချုပ်ရေးမှူးတွေပို့မှာ အစိုးရကိုလည်းလူတွေက ပိုပြီးယုံကြည်အားကိုး လာမယ်လို့ ပြောချင်ပါတယ်။ ”
ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးကို တာဝန်မှရပ်စဲပေးဖို့ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၆ ဦးက လက်မှတ်ထိုးတောင်းဆိုထားတာကို တွေ့ရပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကတော့ ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီးပြန်လည် တုံ့ပြန်တာ မတွေ့ရသေးပါဘူး။