ရေကြည်မြို့တွင် မီးလောင်မှုကြောင့် နေအိမ် ၂ လုံး ဆုံးရှုံး
DVB
·
May 18, 2020
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြို့မရပ်ကွက်မှာ မေလ ၁၇ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားပြီး အသက် ၇၅ နှစ်အရွယ် အဘွားအိုရဲ့ နေအိမ်အပါအဝင် နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့မရပ်ကွက်၊ ကြိမ်ချောင်းပိုင်းနေ အသက် ၇၅ နှစ်အရွယ် ဒေါ်မြကြည်ရဲ့ နေအိမ် မီးဖိုဆောင်မှာ ရေနွေးအိုးတည်ရာက ည ၈ နာရီ ၁၈ မိနစ်အချိန်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ည ၈ နာရီ ၂၅ မှာ မီးငြှိမ်းသတ်နိုင်ခဲ့ကာ နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ရေကြည်မြို့ နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။
"မီးစလောင်တာက ထင်းနဲ့ ရေနွေးအိုးတည်ရာကနေ နံရံကိုမီးစွဲပြီး စလောင်တာ၊ ၃ ပင် ၂ ခန်းတွဲ ၂ အိမ် မီးလောင်သွားတယ်၊ အိမ်ပိုင်ရှင်ကိုတော့ စခန်းမှာ အမှုဖွင့်အရေးယူသွားမှာပါ"လို့ ရေကြည်မြို့မရဲစခန်းက တာဝန်ရှိသူက ပြောပါတယ်။
မီးလောင်တဲ့နေရာကို ရေကြည်မြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ် ၂ စီး၊ မီးသတ် တပ်ဖွဲ့ဝင် ၁၀ ဦးနဲ့အတူ သွားရောက်မီးငြှိမ်းသတ်ခဲ့တာကြောင့် အချိန် ၁၂ မိနစ်ကြာ မီးလောင် ကျွမ်းခဲ့ပြီး နေအိမ် ၂ လုံးမီးလောင်ဆုံးရှုံးခဲ့ကာ အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် အသက် ၇၅ နှစ် အရွယ် ဒေါ်မြကြည်ကို ရေကြည်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က သိရပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)