ဧရာဝတီတိုင်းအတွင်း ခရီးသည်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲခွင့်ပြု
DVB
·
May 16, 2020
ဧရာဝတီတိုင်းအတွင်း ယာယီပိတ်ထားတဲ့ ခရီးသည်ယာဉ်လိုင်းတွေကို မေ ၁၆ ရက်နေ့က စတင်ပြီး ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ပါတယ်။
ကျန်းမာရေးဌာနရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမှုရှိတဲ့ ကုန်တင်ယာဉ်တွေနဲ့ ၅ ယောက်အောက် အိမ်စီးကားတွေကို သွားလာခွင့်ပြုထားပြီး ခရီးသည်တင်ယာဉ်လိုင်းတွေကိုတော့ ပိတ်ထားခဲ့တာဖြစ်ကာ တိုင်းအတွင်း ဒီနေ့ ပြန်လည်ပြေးဆွဲခွင့်ပြုမယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက DVB ကိုပြောပါတယ်။
"တိုင်းဒေသကြီးအတွင်းမှာ ခရီးသွားယာဉ်လိုင်းတွေကို ၁၆ ရက်နေ့ကစပြီး ပြန်ဖွင့်ခွင့်ပြုမယ်၊ ဒါပေမဲ့ ကျန်းမာရေးက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာမှ ဖွင့်ခွင့်ပြုမှာပါ" လို့ ပြောပါတယ်။
ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့စည်းမျဉ်းစမ်းကမ်းနဲ့အညီပြေးဆွဲတဲ့ ယာဉ်လိုင်းတွေကို ပြန်လည်ပြေးဆွဲဖို့ ခွင့်ပြုမှာဖြစ်ပေမဲ့ တိုင်းအတွင်းကိုသာ ပြေးဆွဲခွင့်ပေးဦးမှာဖြစ်ပြီး ရောဂါဖြစ်ပွားမှုအခြေအနေပေါ် မူတည်ပြီး တိုင်းပြင်ပခရီးသွားလုပ်ငန်းတွေကို ဆက်လက် စဉ်းစားပေးသွားမယ်လို့ ဆိုပါတယ်။
"ခရီးသွားယာဉ်လိုင်းတွင် တိုင်းအတွင်း ပြန်လည်ပြေးဆွဲခွင့်ပြုထားပေမယ့် တိုင်းအတွင်းမှာရှိ တဲ့ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရန်ဂျီ စတဲ့ကမ်းခြေဒေသ ခရီးသွားလာခွင့်တွေနဲ့ အဆိုပါ ကမ်းခြေတွေက ဟိုတယ်တွေကိုတော့ မေ ၃၁ ရက်နေ့အထိ ပိတ်ထားဦးမှာဖြစ်တယ်"လို့ ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။
တိုင်းဒေသကြီးအတွင်း ခရီးသည်ယာဉ်လိုင်းတွေ ပြန်လည်ဖွင့်ခွင့်ပေးခဲ့ပေမယ့် ခရီးသွားလာမယ့်သူများအနေနဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ ခရီးသွားထောက်ခံစာကိုတော့ အရင်အတိုင်း ယူဆောင်သွားရမယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်း ခရီးသည်ယာဉ်လိုင်းတွေပြေးဆွဲခွင့်နဲ့ အခြားတိုင်းနဲ့ပြည်နယ်က ခရီးသည်ယာဉ်လိုင်းတွေ ပြေးဆွဲမှုကို ဧပြီလ ၁၀ ရက်နေ့က စတင်ပြီး ယာဉ်လိုင်းပြေးဆွဲမှုကို တိုင်းဒေသကြီးအဆင့် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ ညွှန်ကြားချက်နဲ့ ပိတ်ထားခဲ့တာပါ။
မင်းထက်မုန်း (ပုသိမ်)