ခင်ဦးမြို့တွင် ၁ ပတ်ကြာ Mask ကမ်ပိန်းပြုလုပ်နေ
Aung Ko Latt
·
May 15, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့မှာ မေလ ၈ ရက်နေ့ကစတင်ကာ Mask ကမ်ပိန်းကို ပြုလုပ်နေပါတယ်။
ဒီကမ်ပိန်းကို ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ စည်ပင်၊ မီးသတ်၊ ရဲနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ လူစည်ကားရာ ဈေးတွေနဲ့ လမ်းဆုံလိုနေရာတွေမှာ ပြုလုပ်နေတာပါ။
တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်သင်းသင်းကြူက "COVID-19 ကူးစက်ရောဂါပိုးက အသက်ရှူလမ်းကြောင်းကတဆင့် ကူးတဲ့ရောဂါဖြစ်လို့ Mask တပ်တာက အသင့်တော်ဆုံး ကာကွယ်နည်းဖြစ်ပါတယ်။ ဒါကြောင့် မဖြစ်မနေအပြင်ထွက်တဲ့အခါ Mask တပ်ကြဖို့ စည်းရုံးဟောပြောပြီး အခမဲ့ပေးဝေတာပါ။ အဓိကကတော့ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုက ကာကွယ်ဖို့ပါပဲ။ လက်ရှိအချိန်မှာ ရောဂါဖြစ်ပွားမှုနည်းတော့ ပြည်သူတွေရဲ့ လိုက်နာမှုအားကလည်း နည်းလာတာတွေ့နေရတယ်"လို့ ပြောပါတယ်။
ကမ်ပိန်းလုပ်နေတဲ့ မေလ ၈ ရက်ကစပြီး ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက အရင်ကထက် အားကောင်းလာတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ Mask အခုရေ ၈၀၀၀ ကို ပျံကျဈေး၊ မြို့မဈေး၊ ဗိုလ်ချုပ်လမ်းဆုံစတဲ့နေရာတွေမှာ အခမဲ့ ပေးဝေထားပြီးဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း COVID-19 အတည်ပြုလူနာ ၇ ဦးတွေ့ထားပြီး အဲဒီထဲက သက်သာပျောက်ကင်းသူ တစ်ဦးရှိပါတယ်။