ရန်ကုန်မြို့ပတ်ရထားလိုင်းတွင်အသုံးပြုရန် ဂျပန်မှ ရထားတွဲ ၂၁ တွဲရောက်ရှိ
DVB
·
May 12, 2020
ရန်ကုန်မြို့ပတ်ရထားလိုင်းမှာ သုံးဖို့အတွက် ဂျပန်အစိုးရရဲ့ အထောက်အပံ့အစီအစဉ်နဲ့ ဝယ်ယူထားတဲ့ အသုံးပြုပြီး ရထားတွဲ ၂၁ တွဲ ဟာ မနေ့က ရန်ကုန်ကို ရောက်လာပါတယ်။
အဲဒီရထားတွဲတွေဟာ ဂျပန်နိုင်ငံမှာ မကြာသေးခင်ကအထိ ပြေးဆွဲအသုံးပြုခဲ့ပြီး မြန်မာ့မီးရထားက ပြန်လည်မွမ်းမံပြီးရင် ရန်ကုန်မြို့ပတ်ရထားလမ်းစတဲ့ ရထားလမ်းပိုင်းတွေမှာ ပြေးဆွဲသွားဖို့ ရည်ရွယ်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံရဲ့ အထောက်အပံ့အစီအစဉ်နဲ့ ဂျပန်နိုင်ငံမှာ ပြေးဆွဲနေတဲ့ ရထားတွဲ ၃၂ တွဲကို အခုနှစ်အတွင်း လွှဲပြောင်းပေးအပ်သွားဖို့ လျာထားပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ၅ တွဲ၊ အခု ၂၁ တွဲရောက်လာတာဖြစ်ပါတယ်။
အဲဒီ ၅ တွဲကိုတော့ မြန်မာ့မီးရထားက ပြုပြင်မွန်းမံ ဆေးသုတ်တာနဲ့ စမ်းသပ်မောင်းနှင်ပြီးပြီ ဖြစ်လို့ မကြာခင် ပြေးဆွဲအသုံးပြုနိုင်တော့မယ်လို့ ဆိုပါတယ်။
မြန်မာ့မီးရထားဟာ ရန်ကုန်မြို့ပတ်ရထားလမ်းအတွက် ရထားတွဲအသစ် ၆၆ တွဲ ဝယ်ယူဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ဂျပန်အစိုးရဟာ ရထားတွဲတွေ လွှဲပြောင်းပေးအပ်တာအပြင် ရန်ကုန်မြို့ပတ်ရထား လမ်းပြန်လည်ပြုပြင်မွမ်းမံတာ၊ အဆင့်မြှင့်တင်တာတို့ကို ဆောင်ရွက်ဖို့အတွက် ရထားလမ်း အောက်ခံမြေသားနဲ့ လမ်းကြောင်း၊ ရထားလမ်းပိုင်းဆောက်လုပ်ရေးဆက်စပ်ပစ္စည်းတွေ၊ ရထားလမ်းအချက်ပြ စတာတို့ကို မြန်မာ့မီးရထားနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။
ရထားလမ်းကြောင်းပြုပြင်မွမ်းမံတာကို ဂျပန်နိုင်ငံ အကြံပေးကုမ္ပဏီနဲ့ မြန်မာ့မီးရထားတို့ ပူးပေါင်းဆောင်ရွက်နေပြီး လုပ်ငန်းပြီးစီးလုနီပါး ဖြစ်သလို ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာ ရထားခါယမ်းတာလျော့ကျပြီး သက်တောင့် သက်သာပိုဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ-ဂျပန်သံရုံး