ဆိပ်ဖြူတွင် လေပြင်းကြောင့် အိမ် ၆၄ လုံးပျက်စီး၊ မိန်းကလေး ၁ ဦး မိုးကြိုးစက်ကွင်းမိ
DVB
·
May 12, 2020
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ မေလ ၁၁ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်လို့ ကျေးရွာ ၅ ရွာမှ လူနေအိမ် ၆၄ လုံး အမိုးလန် ပျက်စီးခဲ့ရပြီး မိုးကြိုးစက်ကွင်းမိလို့ အသက် (၁၃) နှစ်အရွယ် မိန်းကလေးတဦး ဒဏ်ရာရသွားတယ်လို့ မြို့နယ် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှု ဌာနက သိရပါတယ်။
လေပြင်းတိုက်ခတ်လို့ တက်မကျေးရွာ၊ ကမ္ဘာနီကျေးရွာ၊ အနောက်ကမ်းဖြူကျေးရွာ၊ တပေါင်းကျေးရွာနဲ့ ဘဲကျကျေးရွာတို့မှာ လူနေအိမ် ၆၄ လုံး အမိုလန်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
အဆိုပါညနေပိုင်းက သက္ကယ်ကျင်းကျေးရွာအုပ်စု၊ ထွန်ကျေးရွာနေ ၁၃ နှစ်အရွယ် ကျောင်းသူ တဦးဟာ ကျေးရွာတွင်းရှိ သရက်ပင်အောက် သရက်သီး လိုက်ကောက်ယူနေစဉ် မိုးကြိုးစက်ကွင်းမိပြီး နောက်ကျောမှာ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရရှိတဲ့ ကျောင်းသူဟာ ကဇွန်းမတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိကြောင်း၊ မိုးကြိုးစက်ကွင်းမိတဲ့ ဒဏ်ကြောင့် အသက်ရှုရာမှာ အနည်းငယ် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၅၉ သိန်းကျော် ရှိတယ်လို့ မြို့နယ် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုအဖွဲ့က ခန့်မှန်းပါတယ်။
သတင်း- ကိုလင်း(ချောက်)