ဧရာဝတီတိုင်းတွင် မေလပထမပတ်အတွင်း လူဦးရေ ၄၅၀ ကျော် လေဘေးသင့်ခဲ့
DVB
·
May 10, 2020
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တွေမှာ မေလပထမပတ်အတွင်း လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူဦးရေ ၄၅၀ ကျော်လေဘေးသင့်ခဲ့တယ်လို့ တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။
မေလပထမပတ်အတွင်း ဧရာဝတီတိုင်း ညောင်တုန်း၊ ကျောင်းကုန်း၊ ရေကြည်၊ ကြံခင်းနဲ့ မြန်အောင် မြို့နယ် ၅ ခုမှာ လေပြင်း ၄ ကြိမ်တိုက်ခတ်ခံခဲ့တာကြောင့် လူနေအိမ် ၁၇ လုံးပြိုကျပြီး ၁၁၅ လုံး အမိုးလန်ပျက်စီးခဲ့တာကြောင့် လူဦးရေ ၄၅၆ ဦး လေဘေးသင့်ခဲ့တာလို့ တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးသန်းစိုးက DVB ကိုပြောပါတယ်။
“တိုင်းအတွင်းက မြို့နယ် ၅ ခုမှာဖြစ်သွားပါတယ်။ လေဘေးသင့်ခဲ့တဲ့ နေအိမ်တွေကို ဦးစီးဌာနက သတ်မှတ်ထားတဲ့အတိုင်း ထောက်ပံ့တာတွေ ပြုလုပ်ပေးထားပါတယ်။ လေဘေးသင့်တဲ့ လူဦးရေအလိုက် ဆန်နဲ့ အခြားရိက္ခာတွေ ထောက်ပံ့ ပေးတာတွေလည်းရှိပါတယ်။”
မိုးရာသီရောက်လာပြီဖြစ်တာမို့ လေပြင်းမုန်းတိုင်းတွေ သဘာဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပြင်ဆင်နေတာရှိသလို လေဘေးသင့်တဲ့ အရပ်ဒေသက ပြည်သူတွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် ဝန်ကြီးဌာနအနေနဲ့ တိုင်းဦးစီးမှူးရုံးက သိန်း ၅၀၀ နဲ့ ခရိုင်ရုံးတွေကို သိန်း ၃၀၀ အသုံးစရိတ်ချပေးတာတွေရှိပြီး လေဘေးသင့်ပြည်သူများလို့ ထောက်ပံ့ရတာတွေ များလာရင် တင်ပြတောင်းခံပြီး ဆက်လက်ထောက်ပံ့ပေးရတာမျိုးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
လေဘေးသင့်တဲ့ပြည်သူတွေအတွက် နေအိမ် အမိုးလန်ပျက်စီးတာနဲ့ ပြိုကျတဲ့ နေအိမ်တွေကို ခွဲခြားပြီး ထောက်ပံ့ပေးတာမျိုးတွေရှိပြီး အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး၊ သွပ်မိုး ထရံကာ ပျဉ်ခင်း နေအိမ်မျိုးကို ၂ သိန်းထောက်ပံ့ပြီး ဓနိမိုး ထရံကာ နေအိမ်မျိုးကို ၁ သိန်း နှုန်းနဲ့ ထောက်ပံ့ပေးနေတာပါ။
ဧရာဝတီတိုင်းအတွင်း လေဘေးသင့်တဲ့ပြည်သူတွေကို ဆန်နဲ့ အိမ်ဆောက်ပစ္စည်း ကယ်ဆယ် ရေးပစ္စည်းတွေထောက်ပံ့ပေးနေသလို သဘာ၀ဘေးဖြစ်တဲ့ မိုးကြိုးပစ်ခံရမှုကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရရှိတာမျိုးတွေကိုလည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေးဦးစီးဌာနက ထောက်ပံ့ပေးနေပါတယ်။
ဧရာဝတီတိုင်းက ခရိုင် ၆ ခရိုင်အနက် ခရိုင် ၅ ခရိုင်ရှိ မြို့နယ် ၁၁ မြို့နယ်ထဲက ကျေးရွာတွေမှာ ဧပြီလ ၁၇ ရက်နေ့ကနေ ဧပြီလ ၂၈ ရက်နေ့အထိ လေပြင်းတိုက်ခတ်မှု ၁၄ ကြိမ်အထိရှိခဲ့ပြီး လူနေအိမ် ၁၉၅ လုံးအမိုးလန်တာတွေနဲ့ ပြိုကျပျက်စီးတာတွေရှိခဲ့လို့ လူဦးရေ ၇၅၄ ဦး လေဘေးသင့်ခဲ့တယ်လို့ တိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)