ရွှေဘိုတွင် နေအိမ်မီးလောင်မှုကြောင့် ၁ ဦး သေဆုံး၊ မီးသတ် ၁ ဦး ဒဏ်ရာရ
Aung Ko Latt
·
May 9, 2020
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာမှာ မေ ၉ ရက်နေ့က နေအိမ်မီးကြွင်းမီးကျန်ကတဆင့် မီးလောင်ကျွမ်းခဲ့ပြီး လူ ၁ ယောက်သေဆုံး၊ မီးသတ်တပ်ဖွဲ့ဝင် ၁ ယောက် ညှပ်ရိုးကျိုးခဲ့တယ်လို့ ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။
ဘုန်းဘွဲ့ကျေးရွာနေ ဦးအောင်မြင့်ကျော် (၂၇ နှစ်) ရဲ့ သွပ်မိုး၊ ထရံကာ မြေစိုက်နေအိမ် မီးကြွင်းမီးကျန်ကတဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး ဘေးက သွပ်မိုး၊ ထရံကာ၊ အုတ်ခင်းနေအိမ်ကို မီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်။
မီးလောင်စဉ် အိပ်ပျော်နေတဲ့ ဦးအောင်ကျော်မြင့် မီးလောင်သေဆုံးခဲ့ပြီး နေအိမ် ၂ လုံး၊ ထော်လာဂျီ၊ ဆိုင်ကယ် ၂ စီးနဲ့ နေအိမ်တွင်းပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ကာ လူ ၇ ယောက် မီးဘေးဒုက္ခသည်ဖြစ်ခဲ့ပါတယ်။
မီးလောင်မှုကို ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်ဦးဆောင်ကာ မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီးတို့နဲ့ မီးသတ်၊ ရဲ၊ ပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတာပါ။
မီးငြှိမ်းသတ်ရင်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင် တပ်သား အောင်ကျော်ကျော်မှာ မီးသတ်ယာဉ်ပေါ်က ပြုတ်ကျပြီး ညှပ်ရိုးကျိုးဒဏ်ရာ ရရှိခဲ့လို့ ရွှေဘိုဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး သေဆုံးသူ ဦးအောင်မြင့်ကျော်ကို ရွှေဘိုမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၈၅၊ ၃၀၄ (က) တို့နဲ့ အမှုဖွင့်ထားပါတယ်။
ရွှေဘိုမြို့နယ်က မီးလောင်မှုနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်ကနေ သေဆုံးနေအိမ်အတွက် ငွေကျပ် ၅ သောင်း၊ ကျန်နေအိမ်အတွက် ၃ သောင်းကျပ်စီနဲ့ နှာခေါင်းစည်းတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းက မြို့နယ်အချို့မှာ မီးလောင်ကျွမ်းမှု ဆက်တိုက်ဆိုသလို ဖြစ်နေတာပါ။
မေလ ၈ ရက်နေ့ကလည်း မြင်းမူမြို့နယ်၊ စိုင်မြစ်ကျေးရွာမှာ ရှို့မီးကြောင့် နေအိမ် ၄၅ လုံး မီးလောင်ကျွမ်းခဲ့သလို မေလ ၉ ရက်နေ့မှာလည်း ရွှေဘိုမြို့နယ်အပြင် ချောင်းဦးမြို့နယ်၊ မှန်ချိုရွာမှာ နေအိမ် ၁ လုံးနဲ့ ဘုတလင်မြို့နယ်၊ စီပါရွာတို့မှာ နေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။