ဟိုပင်မြို့အနီးတွင် ဘိန်းဖြူလို့ယူဆရသည့် မူးယစ်ဆေးများ ဖမ်းမိ
DVB
·
May 9, 2020
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ အနီးမြောက်ဘက် ၅ မိုင်လောက်အကွာ မြစ်ကြီးနား-မန္တလေးသွား ပြည်ထောင်စု ကားလမ်းမကြီးမှာ မော်တော်ယာဉ်တစီးပေါ်ကနေ ဘိန်းဖြူလို့ယူဆရတဲ့ မူးယစ်ဆေးဝါး ဆပ်ပြာခွက် ၄၄ ခု ဖမ်းမိခဲ့တယ်လို့ ဟိုပင်နယ်မြေရဲစခန်းက သိရပါတယ်။
ဖြစ်စဉ်မှာ မေလ ၇ ရက် ည ၁၀ နာရီလောက်က မူးယစ်ဆေးဝါး သယ်ဆောင်လာကြောင်း သတင်းအရ ဟိုပင်မြို့နဲ့ ကြာကြီးကွင်းကျေးရွာအကြား နန့်ခွင်တံတားထိပ်မှာ ဟိုပင်နယ်မြေရဲစခန်းက နယ်ထိန်းအရာရှိ ဒုရဲအုပ်အောင်ဗိုလ်ဗိုလ်ကျော်နဲ့တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့ စောင့်ဆိုင်းနေစဉ် မင်းသူ မောင်းနင်ပြီး ဇော်ဒွဲ( ခ) အဒွဲနဲ့ လမောင်ဂမ် လိုက်ပါလာတဲ့ နစ်ဆန်းယာဉ်ကို စစ်ဆေးရာက ဖမ်းဆီးမိခဲ့တာပါ။
မော်တော်ယာဉ်နောက်ခန်းမှ love is flower စာတမ်းပါရောင်စုံဆပ်ပြာခွက်အတွင်း ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူ/ဝါကြား အမှုန့် ၁၀ ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် ၄၄ ခွက်အား ရှာဖွေတွေ့ရှိခဲ့တာပါ။
အလားတူ ဟိုပင်မြို့၊ ၇ မိုင်ကျေးရွာ အုပ်စု၊ အင်းတော်ကြီးဒေသ နန့်မွန်းသွား ကားလမ်း ၉ မိုင် တောင်ထိပ်မှာလည်း မေ ၇ ရက် မနက် ၃ နာရီလောက်က ကျပ် ၇၇ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့ပါတယ်။
ဖြစ်စဉ်မှာ နန့်မွန်းသွားကားလမ်း ၉ မိုင် တောင်ထိပ်မှာ မိုးညှင်း မူးယစ်တပ်ဖွဲ့စု (၃) ရဲအုပ် ဝင်းကျော်ကျော် ဦးစီးအဖွဲ့ နဲ့ ဟိုပင်နယ်မြေရဲစခန်းမှရဲတပ်ဖွဲ့တို့ စောင့်ဆိုင်းစဉ် နန့်မွန်းမှ ဟိုပင်ကို ကျော်မင်းဦး မောင်းနှင်ပြီး ဇော်မင်းသိန်း (ခ) သားငယ် လိုက်ပါလာတဲ့ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာမှ ဘိန်းဖြူလို့ ယူဆရတဲ့ မူးယစ်ဆေးဝါးဖြူ/ဝါကြား အလေးချိန် ၁၀ ဂရမ်ခန့်ပါ ၁၁ ခွက်ကို တွေ့ရှိခဲ့တာပါ။
သူတို့ ၄ ဦးကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေနိုင်သော ပုဒ်မ ၁၉( က)/၂၁ အရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။