ထိုင်းမှပြန်လာသူများကို ခေါ်ဆောင်ရန် မကွေးတိုင်းက အမြန်ယာဉ် ၁၃ စီးစေလွှတ်ထား
DVB
·
May 8, 2020
ထိုင်းနိုင်ငံကနေ ပြန်ဝင်လာမယ့်သူတွေကို ခေါ်ဆောင်ဖို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အမြန်ယာဉ် ၁၃ စီးကို မြဝတီနယ်စပ်ကို စေလွှတ်ခဲ့ပေမယ့် မေလ ၆ ရက် မနက်ပိုင်းက နေရပ်ပြန်လာသူ ၈ ဦး သာ တင်ဆောင်ပြီး ပြန်လာတယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးက "ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်သူ ၃၀၀၀၀ ကျော်ရှိပြီး မကွေးတိုင်းအတွင်းကို ၃၅၀၀ ကျော် ပြန်လာမယ်လို့ စာရင်းရတဲ့အတွက် မြဝတီ နယ်စပ်သို့ Express ကား ၁၃ စီး စေလွှတ်ခဲ့တာပါ။ ထိုင်းနိုင်ငံကနေ တရားဝင်ပြန်မလာကြသေးဘဲ မေလကုန်မှသာ ထိုင်နိုင်ငံက ပြန်လွှတ်မယ်လို့ သတင်းရတဲ့အတွက် ကားတွေကို ပြန်ခေါ်လိုက်တာပါ။ မကွေးတိုင်း အတွင်းကို ထိုင်းနိုင်ငံကနေ တရားမဝင်လမ်းကြောင်းက ၁၁ ဦး၊ တရားဝင်လမ်းကြောင်းက ၈ ဦး ပြန်လည်ဝင်ရောက်လာတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ထိုင်းနိုင်ငံက ပြန်ဝင်လာမယ့်သူတွေကို သွားရောက်ကြိုဆိုတဲ့ ကားတွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေဟာ မြဝတီနယ်စပ်ဂိတ်မှာ သီတင်း တစ်ပတ်လာက် စောင့်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။
မကွေးတိုင်းကို တရုတ်နိုင်ငံက ပြန်လည်ဝင်ရောက်လာသူ ၃၀၀ ကျော်လောက်နဲ့ ထိုင်းနိုင်ငံကနေ တရားမဝင်လမ်းကြောင်းက ပြန်ဝင်လာသူ ၁၁ ဦးကို Facility Quarantine လုပ်ပေးထားပြီး နောက်ထပ်ပြန်ဝင်လာသူ ၈ ဦးကိုလည်း Quarantine ထားဖို့ ရှိပါတယ်။
မင်းထီး