ကျောက်ဖြူမှ စစ်တွေကိုသွားသည့် ကုန်တင်သင်္ဘာ ၁ စီး ကျောက်ဆောင်နှင့်တိုက်မိ နစ်မြုပ်
DVB
·
May 8, 2020
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ကနေ စစ်တွေမြို့ကိုသွားတဲ့ တော်ဝင်သဇင်အမည်ရှိ ကုန်တင်ရေယာဉ်တစီး ကျောက်ဆောင်နဲ့ တိုက်မိပြီး ရေဝင်နစ်မြုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တော်ဝင်သဇင်ကုန်တင်ရေယာဉ်ဟာ မေ ၆ ရက် မနက် ၁၁ နာရီခွဲလောက်က စက်သုံးဆီတွေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွက် ကလေးကစားကွင်းနဲ့ ဆက်စပ်ပစ္စည်းတွေ တင်ဆောင်ပြီးထွက်ခွာလာစဉ် ကျောက်ဖြူမြို့ အရှေ့မြောက်ဘက် ရေမိုင် ၃ မိုင် ကျော်လောက် အရောက်မှာ ကျောက်ဆောင်နဲ့ တိုက်မိပြီး ရေဝင်နစ်မြုပ်ခဲ့တာပါ။
အဆိုပါ ကုန်တင်ရေယာဉ်ဟာ လမ်းကြောင်းမှားယွင်းတာကြောင့် သဲချောင်းကျေးရွာကိုသွားတဲ့ မြစ်အနီးရှိ ကျောက်ဆောင်တစ်ခုကို ဝင်ရောက်တိုက်မိခဲ့ပြီး သောင်တင်ကာတဖြည်းဖြည်းနဲ့ နစ်မြုပ်သွားခဲ့တယ်လို့ ကုန်ပစ္စည်းတွေတင်ဆောင်ပေးခဲ့တဲ့ ကုန်သည် ဦးဌေးဝင်းက ပြောပါတယ်။
“လမ်းကြောင်းမသိတော့ ကျောက်ရှိတဲ့နေရာကို တည့်တည့်မောင်းမိသွားတော့ ကျောက်ပေါ်ကိုတင်သွားတာပါ။ ဒီရေကျတဲ့အချိန်မှာ တဖြည်းဖြည်းမြုပ်သွားတာပေါ့။ ဒီဇယ်နဲ့ ကလေးကစားကွင်းပစ္စည်းတွေ၊ ကလေးကစားကွင်း ဆောက်မယ့်ဟာတွေက POSCO DAEWOO ကလှူထားတဲ့ဟာတွေပါ။ အခုကတော့ လက်ရှိရသလောက်ကို ဆယ်ယူထားပြီးပါပြီ၊ စက်သုံးဆီတွေကတော့ စစ်တွေမှာ ပစ္စည်းတွေပြတ်လတ်နေတာကြောင့် လာယူတာပါ” လို့ ပြောပါတယ်။
ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်ကလည်း “သဲချောင်းအဝနားမှာ လှိုင်းပုတ်ပြီးတော့ ကျောက်ဆောင်ပေါ်ကိုတင်ပြီးတော့ တစ်ခြမ်းစောင်းပြီးတော့ မြုပ်သွားတာပါ။ ဆုံးရှုံးမှုတန်ဖိုးတော့ မသိဘူး” လို့ ပြောပါတယ်။
အဆိုပါရေယာဉ်နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ကျောက်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဇောကို ဆက်သွယ်မေးမြန်းရာမှာတော့ မသိရှိဘူးလို့ ပြောပါတယ်။
အဆိုပါရေယာဉ်ဟာ စစ်တွေမြို့က ကုန်သည်တစ်ဦးပိုင်ဆိုင်တဲ့ ကုန်တင်ရေယာဉ်ဖြစ်ပြီး သင်္ဘောနစ်မြုပ်နေစဉ်မှာ တပ်မတော်ရေယာဉ်က မြင်တွေ့ခဲ့ပြီးနောက် ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါ ရေယာဉ်ပေါ်ရှိ လှေသား ၅ ဦးနဲ့ အထွေထွေလုပ်သား ၃ ဦးတို့ကို တပ်မတော်(ရေ)က စစ်ရေယာဉ်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးခဲ့ပြီး ကျောက်ဖြူက လာရောက် ခေါ်ဆောင်တဲ့ ရွှေဟင်္သာ(၁)ရေယာဉ်သို့ လွှဲပြောင်းပေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
နောင်နောင်