မကွေးတိုင်းတွင် မိုးသက်လေပြင်းကျပြီး ဘာသာရေးအဆောက်အအုံနှင့် လူနေအိမ်များပျက်စီး
DVB
·
May 7, 2020
မကွေးတိုင်း ၄ မြို့နယ်မှာ မေလ ၆ ရက်က မိုးသက်လေပြင်းကျရောက်ပြီး နေအိမ် ၁၅၉ လုံး အမိုးလန်ကာ၊ ၇ လုံးပြိုကျပြီး ဘာသာရေးအဆောက်အုံ ၅ လုံးပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။
မကွေးမြို့နယ်မှာ အမိုးလန်နေအိမ် ၆၀ လုံး ၊ ဆင်ပေါင်ဝဲမြို့နယ်မှာ အမိုးလန်နေအိမ် ၇၆ လုံး၊ ပြိုကျနေအိမ် ၇ လုံး၊ ဘာသာရေးအဆောက်ဦ ၅ လုံး၊ ဂန့်ဂေါမြို့နယ်မှာ အမိုးလန်နေအိမ် ၁၉ လုံး၊ သရက်မြို့နယ်မှာ အမိုးလန်နေအိမ် ၄ လုံး ပျက်စီးဆုံရှုံး့ခဲပါတယ်။
မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက" မကွေးမြို့ပေါ်မှာတော့ သစ်ပင်တချို့နဲ့ ဓာတ်တိုင်တွေကျိုးကျခဲ့လို့ လျှပ်စစ်မီးတွေပြတ်တောက်နေပါတယ်။ လေဘေးသင့် ပြည်သူတွေကို မေလ ၇ ရက်နေ့မှာ ဆန်ရိက္ခာဖိုးငွေနဲ့ အိမ်ဆောက်ပစ္စည်း ဖိုးငွေတွေ ထောက်ပံ့ပေးသွားမှာဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒါအပြင် မေ ၁ ရက်မှ ၆ ရက် မနက်ပိုင်းအထိ မြိုင်၊ ပေါက်၊ တောင်တွင်းကြီး စတဲ့မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်ခဲ့လို့ အမိုးလန် နေအိမ် ၄၂ လုံး၊ ပြိုကျနေ အိမ် ၁ လုံးရှိပြီး လူဦးရေ ၂၆၀ ကျော် လေဘေးသင့်ခဲ့လို့ လေဘေးသင့်ပြည်သူတွေကို ဆန်ရိက္ခာဖိုးနဲ့ အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် ၃၂ သိန်းဖိုး ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း လေပြင်းတိုက်ခတ်မှု ၃၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၇ လုံးပြိုကျကာ ၊ အိမ်ခြေ ၆၃၅ လုံး ဘာသာရေး အဆောက်အအုံ ၈ လုံး တစိတ်တပိုင်း ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။
မင်းထီး