ထိုင်းနှင့်ဘင်္ဂလားဒေ့နိုင်ငံတို့မှ ပိတ်မိ မြန်မာ ၁၇၃ ဦးကို ပြန်ခေါ်
DVB
·
May 7, 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာကျောင်းသားတွေအပါအဝင် ထိုင်းနိုင်ငံမှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၇၃ ဦးကို မေ ၆ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီ ရပ်ဆိုင်းထားတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသရှိ Asian University for Women မှာ တက်ရောက်နေတဲ့ မြန်မာကျောင်းသူ ၃၇ ဦးနဲ့ ဒါကာမြို့မှာ ပိတ်မိနေနဲ့ မြန်မာနိုင်ငံသား ၁ ဦး၊ စုစုပေါင်း ၃၈ ဦးတို့ကို မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်ခေါ်ခဲ့တာဖြစ်ပြီး မေ ၆ ရက်နေ့ ညနေ (၆:၄၅) နာရီက ရန်ကုန်လေဆိပ်ကို ရောက်ရှိခဲ့ပြီလို့ ဆိုပါတယ်။
အလားတူ ထိုင်းနိုင်ငံမှာ အခက်အခဲကြုံတွေ့နေကြတဲ့ မြန်မာ ၁၃၅ ဦးအား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး မေ ၆ ရက် ည ၈ နာရီမှာ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ပြန်လည်ရောက်ရှိလာတယ်လို့ ဆိုပါတယ်။
ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေနဲ့အညီ သတ်မှတ်ပေးထားသည့်နေရာတွေမှာ ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေး လုပ်ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။