Homeမြန်မာသတင်း
လားရှိုးတွင် ယာဉ်မောင်းအပါအဝင် ၄ ဦးထက်မပိုဘဲ ခရီးသွားခွင့် ခွင့်ပြုချက်ယူရန် မလိုတော့
လားရှိုးတွင် ယာဉ်မောင်းအပါအဝင် ၄ ဦးထက်မပိုဘဲ ခရီးသွားခွင့် ခွင့်ပြုချက်ယူရန် မလိုတော့
DVB
·
May 2, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကနေ အခြားမြို့တွေကို ယာဉ်မောင်းအပါအဝင် ၄ ဦးထက်မပိုဘဲ တင်ဆောင်ကာ ကားနဲ့ ခရီးသွားပါက လမ်းပိုင်းအတွက် ခွင့်ပြုချက်စာရွက်(စလစ်)ယူစရာမလိုတော့ဘဲ သွားလာနိုင်ပြီလို့ သိရပါတယ်။
ယခင်က မူဆယ်မြို့ကဖြစ်စေ၊ လားရှိုးမြို့ကဖြစ်စေ သက်ဆိုင်ရာ ကျန်းမာရေးစစ်တဲ့နေရာတွေမှာ သတင်းပို့ပြီး ထွက်ခွာခွင့်လက်မှတ်ရရှိမှသာ မန္တလေးမြို့ကို သွားရောက်ရတာကြောင့် လားရှိုးမြို့ရှောင်လမ်း တိုးဂိတ်အနီးမှာ အချိန်ကြန့်ကြာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
အခုလိုဖြစ်ရတာ ခွင့်ပြုချက်ရရှိဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့ရတာကြောင့်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ မန္တလေးတိုင်းရဲ့ အခြေအနေပေါ် မူတည်ပြီး ဖြတ်သန်းသွားလာနိုင်တော့မှာပါ။
ကုန်တင်ယာဉ်ငယ်တွေဖြစ်တဲ့ ၆ ဘီးယာဉ်နဲ့ ကုန်ကားကြီးတွေ ၁၂ ဘီး၊ ၂၂ ဘီး စတဲ့ယာဉ်တွေဟာ ကျန်းမာရေးစစ်ဆေးချက်ကိုသာ လက်ခံဆောင်ရွက်ရမှာဖြစ်ပြီး လမ်းကြောတလျှောက် အချိန်မတုံ့ဆိုင်းဘဲ မောင်းနှင်သွားလာနိုင်ဖို့ ခွင့်ပြုထားပြီး ဖြစ်ပါတယ်။
လားရှိုးမြို့ကနေ မန္တလေးမြို့ကို ဆင်းမယ်ဆိုပါက COVID-19 ရောဂါထိန်းချုပ်ရေး ကာကွယ်ရေးဆောင်ရွက်နေတဲ့ ကျန်းမာရေးစစ်ဆေးတဲ့ နေရာ ၄ ခုကို ဖြတ်ကျော်ရမှာပါ။
လားရှိုးမြို့ (ခေးနင်းတိုးဂိတ်)၊ ကျောက်မဲမြို့၊ နောင်ချိုမြို့နဲ့ မန္တလေးတိုင်း ဝက်ဝံကျေးရွာအနီးတို့မှာ ကျန်းမာရေးစစ်ဆေးတဲ့ နေရာတွေ အသီးသီးထားရှိ ဆောင်ရွက်နေပါတယ်။
Photo - Thein Min Tun / MPA