မောင်တောမြို့နယ်တွင် မိုင်းပေါက်ကွဲ၍ ကျေးရွာသား ၁ ဦး သေဆုံး
DVB
·
May 2, 2020
ရခိုင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့နယ်တောင်ပိုင်း အငူမော်-မောင်တော သွားလမ်း ဥဒေါင်းကျေးရွာစခန်းအနီးမှာ ဧပြီ ၃၀ နေ့က မိုင်းပေါက်ကွဲမှုကြောင့် ကျေးရွာသား ၁ ဦး သေဆုံးသွားတယ်လို့ ဥဒေါင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျန်က ပြောပါတယ်။
“နေ့လယ် ၁ နာရီမှာ ပေါက်ကွဲမှုဖြစ်တာပါ။ ဖြစ်စဉ်က ဒီလိုဗျ။ သူက ဥဒေါင်းစခန်းအလွန် ကုန်ကားတွေ ရပ်တဲ့နေရာမှာ ကုန်စုံဆိုင်ရောင်းတယ်။ ဆိုင်နောက်မှာ ဝါးနက်ရုံရှိတယ်။ ထိုဝါးနက်ရုံက မျှစ်သွားချိုးတဲ့အချိန်မှာ အထုပ်တခုတွေ့လို့ ဖွင့်ကြည့်ရာမှ ပေါက်ကွဲတာ။”
မိုင်းပေါက်ကွဲသေဆုံးသူမှာ ဦးအောင်ထွန်းသိန်း (၄၈ နှစ်) ဖြစ်ပြီး မေ ၁ ရက်နေ့ နေ့လယ်ပိုင်းမှာ မောင်တောဆေးရုံကနေ ဥဒေါင်းကျေးရွာကို သယ်ယူသင်္ဂြိုဟ်လိုက်ပါတယ်။
သေဆုံးသူရဲ့ ဇနီးဖြစ်သူက “ကျမတို့ ကုန်ကားဆိပ်မှာကုန်စုံဆိုင်ရောင်းပါတယ်။ မနေ့က ကျမအိမ်ရှင်က ဆိုက်နောက်မှာရှိတဲ့ ဝါးနက်ရုံက မျှစ်သွားချိုးမယ်လို့ ပြောတယ်။ ခဏနေတော့ ပေါက်ကွဲသံတခုကြားတယ်။ ကျမတို့လည်း သွားမကြည့်ရဲကြဘူး။ နောက်တော့ နယ်ခြားစောင့်တွေ လာခေါ်လို့ သွားကြည့်တယ်။ ကျမယောကျ်ား အူထွက်ပြီး သေဆုံးနေတာတွေ့ရတယ်။ ဘယ်လိုဖြစ်တာလဲဆိုတာ မသိတော့ပါဘူး။ ယောကျ်ားမရှိတော့ ဘယ်လို လုပ်ကိုင်စားသောက်ရမလဲ မသိတော့ပါဘူး” လို့ပြောပါတယ်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အလယ်သံကျော်နယ်မြေစခန်းက အကြမ်းဖက်ဥပဒေပုဒ်မ-၅၀(က)(စျ)တို့နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ အလယ်သံပျော်နယ်မြေစခန်းက သိရပါတယ်။
လင်းလက်