ကလေးမြို့တွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၂ ဦးကို စတင်တရားစွဲ
DVB
·
April 27, 2020
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကူးစက်ရောဂါ ကာကွယ်တားဆီးရေး ညမထွက်ရအမိန့် မလိုက်နာသူ ၁၂ ဦးကို စတင် တရားစွဲဆိုလိုက်ပြီလို့ ကလေးမြို့မ ရဲစခန်းက ပြောပါတယ်။
ကလေးမြို့ လမ်းတွေပေါ်ကို ဧပြီလ ၁၉ ရက် ညဆယ်နာရီကျော်မှာ ရောက်နေတဲ့ လူ ၁၃ ဦးကို ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးကော်မတီနဲ့အတူ ရဲတပ်ဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ထွေအုပ်ဝန်ထမ်းတွေ ပူးပေါင်းလှည့်ကင်းအဖွဲ့က ဖမ်းဆီးလိုက်တာပါ။
ဒီနေ့မနက်မှာ ထွေအုပ်က တရားလိုပြုပြီး စတင်တရားစွဲဆိုလိုက်တာလို့ ကလေးမြို့မ ရဲစခန်းမှူးက ပြောပါတယ်။
“ညက ဖမ်းဆီးခဲ့တာ လူ ၁၃ ယောက်ပါ။ အထဲမှာ သက်မပြည့် လူငယ်တဦးပါတယ်။ ထွေအုပ်က ဦးဆောင်ပြီး တရားမကြောင်းအရ အရေးယူသွားမယ်။”
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တ အုပ်ချုပ်ရေးမှူးက “ကျနော်တို့ကတော့ ညမထွက်ရ အမိန့်နဲ့ တရားစွဲမယ်။ ညက ၁၃ ဦးထဲမှာ မိန်းကလေး ၂ ဦးနဲ့ အမျိုးသား ၁၀ ဦး၊ ကလေးကိုတော့ မစွဲတော့ဘူး” လို့ ဆိုပါတယ်။
ကလေးမြို့မှာ ညမထွက်ရအမိန့်ကို ဧပြီ ၂၀ ရက်နေ့က စတင်ထုတ်ပြန်ခဲ့ပြီးနောက် အိမ်တွေထိ အမိန့်စာဝေတာ၊ လော်စပီကာနဲ့ ရပ်ကွက်တွေအထိ လှည့်လည်ကြေညာခဲ့ပြီးနောက် ခုလို ပထမဆုံး အရေးယူလိုက်တာပါ။