မကွေးတိုင်းပြည်သူ့ဆေးရုံကြီး သွေးလိုအပ်ချက်ရှိနေ၊ လာလှူကြဖို့ အကူအညီတောင်းခံ
DVB
·
April 26, 2020
မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှာ COVID-19 ရောဂါဂယက်ကြောင့် သွေးလှူဒါန်းမှုနည်းပါးပြီး သွေးလိုအပ်ချက်တွေ ရှိနေတာကြောင့် လာရောက်လှူဒါန်းကြဖို့ ဆေးရုံအုပ်ကြီးက အကူအညီ တောင်းခံလိုက်ပါတယ်။
မကွေးတိုင်း အတွင်းမှာတော့ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံဟာ သွေးလိုအပ်ချက် အမြင့်မားဆုံးဆေးရုံတရုံဖြစ်ပြီး COVID-19 ရောဂါကြောင့် နေအိမ်မှာ Stay Home နေကြတဲ့အတွက် လာရောက်လှူဒါန်းမှုနည်းပါးနေတာလို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက ပြောပါတယ်။
“ဆေးရုံကို လာလှူရမှာဆိုတော့ COVID-19 ရောဂါ ဖြစ်ပွားမှာစိုးရိမ်တဲ့အတွက် လာရောလှူဒါန်းမှုနည်းပါးနေတဲ့အတွက် သတင်းမီဒီယာတွေကတဆင့် လူမှုရေးအသင်းအဖွဲ့တွေကို အကူညီတောင်းရခြင်းဖြစ်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မကွေးတိုင်းဆေးရုံကြီး သွေးလှူဘဏ်ကိုတာဝန်ယူထားတဲ့ ရောဂါဗေဒဌာန အထူးကုဆရာဝန် ဒေါက်တာကျော်စိုးထွန်းက "အခုရက်ပိုင်းအတွင်းမှာ ဆေးရုံတက်ရောက်သူတွေနည်းပါးသွားပေမယ့် မဖြစ်မနေ တက်ရောက်နေတဲ့ သွေးနဲ့ ပတ်သက်ပြီး တက်ရောက်နေတဲ့ လူနာတွေအတွက် သွေးလိုအပ်ချက်တွေရှိနေတာပါ။ COVID-19 ရောဂါဖြစ်ပွားသူ တဦးနဲ့ စောင့်ကြည့်လူနာတွေကို သီးခြားဆောင်မှာကြပ်မတ် ကုသပေးနေတာဖြစ်ပြီး ရောဂါကာကွယ်ရေးအတွက် စနစ်တကျ စီမံထားတာဖြစ်လို့ လိုအပ်နေတဲ့ သွေးတွေကို လာရောက်လှူဒါန်းပေးကြပါလို့ ပြောချင်ပါတယ်။ တကယ်လို့ လိုအပ်ချက်ရှိလာရင် သွေးလှူရှင်တွေ စိတ်သန့်သန့်နဲ့ လာရောက်လှူဒါန်းနိုင်အောင် ဆေးရုံနဲ့ အနီးဆုံနေရာတခုကို စီစဥ်ပေးဖို့လည်း အစီအစဉ်ရှိပါတယ်” လို့ ပြောပါတယ်။
မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှာတော့ လစဉ် သွေးပုလင်း ၅၀၀ နဲ့ ၆၀၀ ကြား အသုံးပြုနေရပြီး COVID-19 ရောဂါကြောင့် သွေးလှူရှင်တွေ နည်းပါးလာပြီး သွေးလိုအပ်ချက်တွေ ဖြစ်ပေါ်နေတာပါ။
သတင်း-မင်းထီး