COVID-19 ကပ်ဘေးကာလ ဖားကန့်တွင် ရေမဆေးကျောက်ရှာဖွေသူများ တိုးဝှေ့ရှာဖွေနေဆဲ
DVB
·
April 24, 2020
ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ သက်တမ်းကုန် လုပ်ကွက်တွေ များပြားနေပေမဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကတော့ အဆက်မပြတ် အရှိန်အဟုန်မြင့် လုပ်ကိုင်နေတာကို တွေ့ရပါတယ်။
နိုင်ငံတော်အစိုးရက COVID-19 ကူးစက်ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ လူစုဝေးတွေ မလုပ်ဖို့ ညွှန်ကြားထားပေမဲ့ ဖားကန့်ရတနာနယ်မြေမှာတော့ ရေမဆေးကျောက်ရှာသူ အများစုကတော့ ပုံမှန်အတိုင်းပဲ လူဦးရေ ရာထောင်ချီပြီး တိုးဝှေ့ရှာဖွေနေကြဆဲပါ။
ကျောက်စိမ်းလုပ်ကွက်တွေ ဆက်လက် လုပ်ကိုင်နေသရွေ့ ရေမဆေးကျောက်ရှာဖွေသူတွေကတော့ ဆက်လက်ရှိ နေဦးမှာပဲလို့ ဒေသခံ ရေမဆေးကျောက်ရှာဖွေသူ တဦးက ပြောပါတယ်။
ဧပြီ ၂ဝ ရက်မနက် ငါးနာရီခွဲလောက်ကလည်း ဖားကန့်ကျောက်စိမ်းတွင်း ဒေသမှာ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှု တခု ဖြစ်ခဲ့ပြီး လူသေဆုံးမှုလည်း ရှိခဲ့ပါသေးတယ်။
ဒီနှစ် ဧပြီလအတွင်းမှာပဲ နွံကန်ပွင့်ကျမှု နှစ်ကြိမ်နဲ့ ကမ်းပါးပြိုကျမှု တစ်ကြိမ် ဖြစ်ပွားခဲ့ကာ လူ ၅ ဦး သေဆုံးခဲ့ပါတယ်။
၂ဝ၂ဝ ပြည့်နှစ် ဧပြီလအထိ မြေပြိုမှုနဲ့ လုပ်ကွက် ကမ်းပါးပြိုကျမှု ပေါင်း ၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁ဝ ဦးသေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာဌာနတွေရဲ့ဖြေကြားမှုနဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားချက်အရ သိရပါတယ်။
သတင်း- ဇော်မိုးထက်