မြန်အောင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖရဲစိုက်တောင်သူများ အရှုံးပေါ်
DVB
·
April 24, 2020
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ကွင်းကြီးထောင့်အုပ်စုထဲက ဖရဲစိုက်တောင်သူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဂယက်ကြောင့်ဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်သွားတာကြောင့် အရှုံးပေါ်နေပါတယ်။
ဖရဲသီးတွေကို မြန်အောင်မြို့ကနေ မူဆယ်မြို့မှတဆင့် တရုတ်နိုင်ငံကို တင်ပို့နေတာဖြစ်ပြီး တရုတ်နိုင်ငံဘက်ကို တင်ပို့တဲ့ လမ်းတွေ ပိတ်သွားတာကြောင့် အခုလို အရှုံးပေါ်ရတာဖြစ်တယ်လို့ ဖရဲစိုက်တောင်သူ ဦးတင်ရွှေက ပြောပါတယ်။
အခုဆို ဖရဲသီးမတင်ပို့ရတော့တာကြောင့် ဖရဲခင်းတွေထဲက ဖရဲသီးတွေကိုမခူးတော့ဘဲ ဒီအတိုင်း စွန့်ပစ်ထားရတယ်လို့ ဆိုပါတယ်။
ကွင်းကြီးထောင့်အုပ်စုက ၂၀၂၀ နွေစပါးစိုက်တဲ့ရာသီမှာ နွေစပါးအစား ဖရဲကိုစိုက်ခဲ့တာဖြစ်ပြီး ဖရဲသီး တစ်ဧက စိုက်ပျိုးစရိတ် ကျပ် ၁၅ သိန်းလောက် ကုန်ကျပါတယ်။ ဒီနှစ်မှာတော့ ကွင်းကြီးထောင့်ကျေးရွာအုပ်စုထဲက ဧက ၁၀၀ ကျော်မှာ ဖရဲ စမ်းသပ်စိုက်ပျိုးခဲ့ပါတယ်။