ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်က ရပ်ကျေးစာရေး ၄ ဦးကို CDM မှာ ပါဝင်တာကြောင့် မတ်လ ၈ ရက်နေက အလုပ်ကနေ ယာယီရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
အလုပ်ယာယီရပ်ဆိုင်းခံရတဲ့ စာရေးတဦးက "ကျနော်ဆီကို ခု မတ်လ ၁၀ ရက် မနက်ပိုင်းမှ စာရောက်တယ်။ ကျနော်အပါ ပေါင်းလေးဦးပေါ့။ မြို့နယ်က အလုပ်မဆင်းလို့ဆိုပြီး ယာယီရပ်ဆိုင်းတာပါ။ ကျနော်တို့ကတော့ စစ်အာဏာရှင်လက်အောက်မှာတော့ ဘယ်တော့မှ အလုပ်မလုပ်ဘူး။ ဒီလောက်ငွေကြေးက အပြင်မှာလည်း ရှာလိုရပါတယ်။ အခုလို လုပ်တာကိုတော့ မကျေနပ်ဘူး" လို့ ပြောပါတယ်။
မြန်အောင်မြို့နယ်တွင်းမှာ ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေ CDM မှာ အများဆုံး ပါဝင်ထားကြပြီး မြို့နယ် စေသနာရှင်တွေက စတင်ထောက်ပံ့ပေးနေပြီလို့ သိရပါတယ်။