ချင်းပြည်နယ် ဖလမ်းနှင့် ဟားခါးဒေသတွင် ငလျင်များ ရက်ပိုင်းအတွင်း ဆက်တိုက်လှုပ်ခတ်
DVB
·
April 22, 2020
ချင်းပြည်နယ် ဖလမ်းမြို့နားမှာ ဒီနေ့ ဧပြီ ၂၂ ရက်မနက် ၁၁ နာရီခွဲလောက်က ရစ်(ခ်)တာစကေး ၃ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်တခု လှုပ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဒီမနက် ၁၁ နာရီ၊ ၂၈ မိနစ်ကျော်က ဟားခါးမြေငလျင်စခန်းရဲ့ အရှေ့-အရှေ့မြောက်ဘက် ၂၅ မိုင်လောက်ကွာဝေးတဲ့ ဖလမ်းမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၀ လောက်အကွာကို ဗဟိုပြုပြီး ငလျင်တခု လှုပ်သွားခဲ့တာပါ။
ဧပြီလ ၂၁ ရက် ညနေ ၆ နာရီလောက်ကလည်း ဖလမ်းမြို့ အရှေ့တောင်ဘက် (၁၄)မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်သွားပါတယ်။
ဧပြီ ၁၉ ရက် ညနေ ၆ နာရီ ၅၆ မိနစ်၊ ၂၁ စက္ကန့် အချိန်ကလည်း ဟားခါးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် ၅၄ မိုင်ခန့် ကွာဝေးတဲ့ ကလေးမြို့ရဲ့ အနောက်မြောက်ဘက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၆ အဆင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားပါတယ်။
ဧပြီ ၁၇ ရက်ည ၁၀ နာရီ မိနစ် ၂၀ ကျော် အချိန်ကလည်း ဟာခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် ၂၇ မိုင် ခန့်ကွာဝေးတဲ့ ဖလမ်းမြို့ရဲ့ အရှေ့တောင်ဘက် ၂၅ မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄ အဆင့်ရှိ မြေငလျင်တခု လှုပ်သွားပါတယ်။
ဧပြီ ၁၆ ရက်ည ၇ နာရီကျော်ကလည်း ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် ၂၇ မိုင်ခန့် ကွာဝေးတဲ့ ဖလမ်းမြို့ အရှေ့တောင်ဘက်(၂၅)မိုင်ခန့် အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ မြေငလျင်လှုပ်သွားသလို အဆိုပါနေ့ ည ၆ နာရီ ကျော်မှာ ဖလမ်းမြို့ရဲ့ အရှေ့တောင်ဘက် ၂၄ မိုင်ခန့် အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၆ ဒသမ ၁ အဆင့်ရှိ အင်အားပြင်း မြေငလျင်လှုပ်သွားပါတယ်။