COVID-19 လူနာသစ် ၂ ဦးထပ်တွေ့၊ ရောဂါပိုးကင်းစင်သူ ၉ ဦးရှိလာ
DVB
·
April 21, 2020
ရန်ကုန်နဲ့ တောင်ကြီးမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၂ ဦးထပ်တွေ့တဲ့အတွက် နိုင်ငံတဝန်း အတည်ပြုလူနာ စုစုပေါင်း ၁၂၁ ဦးအထိရှိလာကာ သေဆုံးသူ ၅ ဦးနဲ့ ရောဂါပိုးကင်းစင်သူ ၉ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ရဲ့ ဧပြီ ၂၁ ရက် ပထမအသုတ် စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ (၁၈၅) ခုအနက် ၂ ဦးမှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီး ကျန်သူတွေမှာတော့ ရောဂါပိုးမတွေ့ရှိ ဘူးလို့ ဆိုပါတယ်။
လူနာသစ် ၂ ဦးကတော့ ရန်ကုန်ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် ထားရှိတဲ့ ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းက အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်က အသွားအလာကန့်သတ်ထားတဲ့ အသက် ၂၁ နှစ်အရွယ်အမျိုးသမီး တဦးတို့ ဖြစ်ပါတယ်။
အဆိုပါလူနာ ၂ ဦးဟာ ရောဂါရှိတဲ့ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တာမရှိသလို ပြည်ပကို သွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင်လည်း မရှိဘူးလို့သိရပါတယ်။
အဆိုပါလူနာ ၂ ဦးကို သက်ဆိုင်ရာဆေးရုံတွေကို လွှဲပြောင်းပြီး သီးခြားထားရှိကုသမှု ပေးသွားမယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Photo-MOHS