မန္တလေးမြို့ဝင် အိမ်စီးကားများကို လူဦးရေ ထပ်မံကန့်သတ်
DVB
·
April 21, 2020
မန္တလေးမြို့ကို ဝင်လာတဲ့ အိမ်စီးကား စီးနင်းခွင့်ပြုလူဦးရေကို အများဆုံး ၄ ဦးသာ စီးနင်းဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဧပြီလ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၆ ရက်က ထုတ်ပြန်ထားခဲ့တဲ့ တားမြစ်မိန့်မှာ အိမ်စီးကားတစ်စီးကို လူဦးရေ ၇ ဦးထိသာ စီးနင်းခွင့်ပြုထားတာဖြစ်ပြီး လတ်တလောမှာတော့ ၄ ဦးသာ စီးနင်းဖို့ထိ ပြောင်းလဲ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
မန္တလေးတိုင်းမှာ ကုန်စည်စီးဆင်းမှုအတွက် ဝင်ထွက်သွားလာနေတဲ့ ကုန်တင်ယာဉ်တွေနဲ့ သာမန် အိမ်စီးကားတွေကလွဲရင် ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေကနေ ဖြတ်သန်းသွားလာမယ့် ခရီးသွားလာရေးယာဉ်အားလုံးကို ဝင်ထွက်သွားလာခွင့် ယာယီပိတ်ပင်ထားပါတယ်။
ဒါ့အပြင် ဧပြီ ၆ ရက်နေ့ကတည်းက ထုတ်ပြန်ထားတဲ့ တားမြစ်မိန့်ကိုလည်း ဧပြီလ ၃၀ ရက်နေ့ ည ၁၂ နာရီအထိ သက်တမ်း ထပ်တိုးလိုက်ပါတယ်။ COVID-19 ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် ရက်တိုးမြှင့်တာ ဖြစ်တယ်လို့ သိရပါတယ်။
အဝေးပြေးခရီးသည်တင်ယာဉ်တွေအနေနဲ့လည်း မန္တလေးမြို့ကို ဝင်ရောက်ခြင်း မရှိဘဲ မူလ သတ်မှတ်ထားတဲ့ လမ်းကြောတွေအတိုင်းသာ သွားလာခွင့်ပြုထားပါတယ်။
မန္တလေးတိုင်းအတွင်း ညပိုင်း အပြင်မထွက်ရ အမိန့်ကို ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။
ဧပြီ ၂၀ ရက်အထိ မန္တလေးတိုင်းရှိ ခရိုင် ၇ ခုမှာ facility quarantine ဆောင်ရွက်ဆဲ ဦးရေ ၃၉၉၂ ဦးနဲ့ မြို့ ၅ မြို့မှာ Hotel quarantine ဆောင်ရွက်ဆဲ ၁၇ ဦး ရှိတယ်လို့ အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ထိန်ထိန်လင်း