လူမှုဖူလုံရေးကြေး ထည့်ထားသည့် အလုပ်သမားများကို ထောက်ပံ့ကြေးပေးရန် စီစဉ်နေ
နေဖြိုးဝင်း
·
April 20, 2020
အလုပ်ပိတ်ထားတဲ့ကာလအတွက် လူမှုဖူလုံရေးကြေး ထည့်ဝင်ထားတဲ့ အလုပ်သမားတွေကို စိစစ်ပြီး ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။
တနိုင်ငံလုံးက စက်ရုံ၊ အလုပ်ရုံတွေကို COVID-19 ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဧပြီ ၂၀ ရက်ကနေ ၃၀ ရက်နေ့အတွင်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပြုချက်၊ သတ်မှတ်ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ပြီးမှ ဖွင့်လှစ်ဖို့ ထုတ်ပြန်ထားပါတယ်။
အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က “လစာမဟုတ်ဘူး။ လူမှုဖူလုံရေးမှာ သူ့ဥပဒေထဲမှာ ကျန်းမာရေးနဲ့ပတ်သက်လာတာတို့၊ အခုနလို ကျန်းမာရေးနဲ့အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ကိစ္စနဲ့ပတ်သက်ရင် လူမှုဖူလုံရေး ထည့်ဝင်ငွေရဲ့ ၆၀ ရာခိုင်နှုန်းပေးခွင့်ရှိတယ်ဆိုတာ ရှိတယ်။ သို့သော် အဲ့ဒီဟာလည်း ရော့အင့် မောင်ဘယ်သူ၊ မဘယ်သူဆိုတာ စစ်ပြီးတော့ ပေးရမယ်။ သို့သော် ဒီငွေကို သုံးစွဲခွင့်ဆိုတာကလည်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနဲ့လည်း ညီအောင်လုပ်ရမှာ။ ဒါမှ ရေရှည်မှာ အဆင်ပြေမှာ။ နို့မို့ဆိုရင် လတ်တလော အဆင်ပြေအောင်လုပ်လိုက်ပေမယ့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနဲ့မညီရင်လည်း ရောဂါဖြစ်တဲ့အချိန်မှာ အခြား Impact တွေရှိတာပေါ့။ အဲဒါလေးလည်း ဆောင်ရွက်နေတယ်။ ဒီကျန်တဲ့ဆယ်ရက်အတွက်ပေါ့။ သူက ကန့်သတ်ထားတာက ၂၀ ရက်ကနေ ၃၀ ရက်အထိ၊ ရေရှည်အတွက်ကတော့ လူကြီးတွေနဲ့ စဉ်းစားရမှာပေါ့” လို့ ပြောပါတယ်။
တနိုင်ငံလုံးမှာ လူမှုဖူလုံးရေးအကျုံးဝင်တဲ့ အလုပ်သမား ၁ ဒသမ ၅ သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ အခုလို စက်ရုံ၊ အလုပ်ရုံတွေကို စစ်ဆေးဖို့ ထုတ်ပြန်ရတာဟာ သင်္ကြန်ပိတ်ရက်ပြီးလို့ နယ်ပြန်တဲ့ အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်ဆင်းတဲ့အချိန်မှာ Covid 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ရတာဖြစ်တယ်လို့ ပြောပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေမှာ ဆောင်ရွက်ထားရမယ့်အချက်တွေကို စစ်ဆေးပြီးရင် ပြန်ဖွင့်ခွင့်ရမှာဖြစ်ပါတယ်။
“ဧပြီ ၂၀ ရက်ကနေ ၃၀ ရက်အထိကို စက်ရုံ၊ အလုပ်ရုံအားလုံးက ပိတ်ထားရမယ်၊ အစစ်ဆေးခံပြီး ဖွင့်ရမယ်၊ အဓိကဆို လိုချင်တာ။ ဘာကြောင့်လဲဆိုတော့ နယ်ပေါင်းစုံက ပြန်လာတဲ့ ကလေးတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက်က အဓိက ရည်ရွယ်တယ်။ အဲ့အတွက် အကြံပြုချက်ဆိုတာ စက်ရုံအလုပ်ရုံတွေက ကျနော်တို့ စက်ရုံ၊ အလုပ်ရုံတွေ စစ်ဆေးလို့ ရပါပြီဆိုတာ လုပ်လိုက်ရင် စစ်ဆေးပြီးရင် ဖွင့်လို့ရပြီ” လို့ အမြဲတမ်းအတွင်းဝန် ဆိုပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနတို့ပူးပေါင်းပြီး စစ်ဆေးရေးအဖွဲ့ ၁၁ က ဒီနေ့ကစပြီး စက်ရုံ၊ အလုပ်ရုံတွေကို စတင်စစ်ဆေးနေသလို နောက်ရက်တွေမှာ အဖွဲ့ ၇၀ ခန့်ထိ ဖွဲ့စည်းသွားမယ်လို့ ပြောပါတယ်။