ဖားကန့်တွင် ကမ်းပါးပြိုကျမှုကြောင့် ၁ ဦး သေဆုံး၊ ပျောက်ဆုံးနေသူများကို ရှာဖွေ
DVB
·
April 20, 2020
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဧပြီ ၂ဝ ရက်နေ့ မနက် ၅ နာရီခွဲလောက်က ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတခုရဲ့ လုပ်ကွက် ကမ်းပါးပြိုကျခဲ့တာကြောင့် ၁ ဦး သေဆုံးပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေနေတယ်လို့ သိရပါတယ်။
ပိုင်ဖြိုးသီဟ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီရဲ့ လုပ်ကွက်ကမ်းပါးပြိုကျခဲ့တာဖြစ်ပြီး ပြိုကျချိန်မှာ တပိုင်တနိုင် ကျောက်တူးသူ ၁၀ ဦးလောက် ရှိတယ်လို့ လွတ်မြောက်လာသူတဦးက ပြောပါတယ်။
ကမ်းပါးပြိုကျမှုကြောင့် မြေပိသေဆုံးသူ တဦးရဲ့ အလောင်းကိုသာ ရှာဖွေတွေ့ရှိထားပြီး ကျန်တာတွေကိုတော့ ဆက်လက်ရှာဖွေနေတယ်လို့ အဲဒီနေရာကို ရောက်နေတဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဖားကန့်ဒေသမှာ လုပ်ကွက် ကမ်းပါးပြိုကျမှု၊ လုပ်ကွက်ဟောင်းနွံကန် ပွင့်ကျမှုတွေကြောင့် နှစ်စဉ် လူဦးရေ ရာချီသေဆုံးနေပြီး အခု ဧပြီလအတွင်းမှာပဲ နွံကန်ပွင့်ကျမှု နှစ်ကြီမ်နဲ့ ကမ်းပါးပြိုကျမှု တကြိမ် ဖြစ်ခဲ့တာပါ။
ဖားကန့်ရတနာနဒ်မြေမှာ သက်တမ်းကုန်လုပ်ကွက်တွေ များပြားလာနေပေမဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေက လျော့ကျသွားခြင်းမရှိတာကြောင့် အခုလို အဖြစ်အပျက်တွေ ဆက်လက်ဖြစ်ပေါ်နေတာလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
လက်ရှိ အခင်းဖြစ်ပွားခဲ့တဲ့ ကျောက်စိမ်းလုပ်ကွက်ဟာ သက်တမ်း ရှိ၊ မရှိ ဆိုတာကို ကျောက်စိမ်းရုံးက လွဲပြီး ဘယ်သူမှ မသိရတဲ့အတွက် စိစစ်ဖို့ ခက်ခဲနေတယ်လို့ ရပ်မိရပ်ဖတဦးက ပြောဆိုလိုက်ပါတယ်။
ဇော်မိုးထက် (ဖားကန့်)