အကျဉ်းထောင်များထဲ မူးယစ်ဆေးဝါးရောင်းဝယ်မှု စိစစ်အရေးယူမည်ဟု မွန်ဝန်ကြီးချုပ်ပြော
DVB
·
April 19, 2020
အကျဉ်းထောင်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတဲ့ ကိစ္စရပ်တွေကို စုံစမ်းစိစစ် အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။
လူမှုကွန်ရက် Facebook စာမျက်နှာမှာ ဧပြီ ၁၇ ရက်နေ့က မော်လမြိုင် အကျဉ်းထောင်က လွတ်လာတဲ့ အကျဉ်သားတဦးက ထောင်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာတွေ ရှိနေတဲ့အပြင် အကျဉ်းသားတွေအနေနဲ့ အမှိုက်ခွန်နဲ့ မိလ္လာခွန်တွေပါ ပေးဆောင်နေရတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒါကြောင့် အကျဉ်းထောင်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတဲ့ ကိစ္စရပ်ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်သွားမယ့်အပြင် အခုကိစ္စရပ်ကိုလည်း စုံစမ်းစိစစ် အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။
“အဲဒါကို ဥပဒေအရ ရဲတပ်ဖွဲ့နဲ့ ထောင်မှာရှိတဲ့ ဝန်ထမ်းတွေနဲ့ သက်ဆိုင်တဲ့လူတွေအကုန်လုံးကို ပိုတင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ လုပ်ဆောင်သွားမှာပါ။ အခုလည်း ကျနော်တို့ ပြောလို့မရသေးလို့ပါ။ အရေးယူမှုတွေ လုပ်နေပါတယ်။”
အကျဉ်းထောင်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာတွေ ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့တဲ့ အကျဉ်းသားဟောင်းဟာ အင်းစိန်ထောင် အပါအဝင် အကျဉ်ထောင် ၈ ခုလောက်မှာ ပြစ်ဒဏ်ခံကျခဲ့ဖူးသူဖြစ်ပြီး၊ ထောင်တိုင်းလိုလိုမှာ မူးယစ်ဆေးဝါးတွေကို ပျံ့နှံ့နေတယ်လို့ ဆိုထားပါတယ်။
အခုလို လူမှုကွန်ရက် Facebook စာမျက်နှာမှာ video ဖိုင် ပျံ့နှံ့နေတဲ့ ကိစ္စရပ်ကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးက ပြန်လည်စိစစ်တင်ပြပေးဖို့ လမ်းညွှန်ထားတယ်လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက DVB ကို ပြောပါတယ်။
“ကျနော်တို့ စိစစ်တင်ပြပေးဖို့ လမ်းညွှန်ထားပါတယ်။ အဲဒီပေါ်မှာမူတည်ပြီး အဆင့်ဆင့်နဲ့ လမ်းညွှန်သွားမယ် ထင်ပါတယ်။”
မွန်ပြည်နယ်မှာတော့ ဧပြီ ၁၇ ရက် နှစ်ဆန်းတရက်နေ့က သမ္မတရဲ့ အမိန့်နဲ့ ပြည်နယ်တဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ အလုပ်စခန်း ၁၀ ခုကနေ အကျဉ်းသား ၂၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။
ဇော်လွင်ထွဋ်