သင်္ကြန်ပိတ်ရက်အပြီး ပြန်လာသည့် နေပြည်တော် ဝန်ထမ်းများကို Quarantine ထားရှိ
DVB
·
April 19, 2020
COVID-19 ရောဂါ ကာကွယ်နိုင်ဖို့အတွက် သင်္ကြန် ရုံးပိတ်ရက်ရှည်ကာလအတွင်း နယ်ပြန်ကြတဲ့ ဝန်ထမ်းတွေကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာက Quarantine စင်တာမှာ စတင်ထားရှိနေပြီလို့ သိရပါတယ်။
နောက်ထပ်လည်း ဝန်ထမ်းတွေ လာဖို့ရှိတယ်လို့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၁ မှာ ဖွင့်လှစ်ထားတဲ့ COVID-19 ကာကွယ်မှု NCVT အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေက ပြောပါတယ်။ လက်ရှိ စည်ပင်ဧည့်ရိပ်သာမှာ ဖွင့်ထားတဲ့ Quarantine စင်တာမှာ ပြည်တော်ပြန်တွေနဲ့ ဝန်ထမ်းတချို့အပါအဝင် ၅၅၀ ကျော်ရှိပြီး COVID-19 ကာကွယ်ရေးအတွက် ကျန်းမာရေးအရ ကြည့်ရှုစစ်ဆေးမှုတွေ ပြုလုပ်ပေးနေပါတယ်။
ဝန်ထမ်းတွေ ရုံးပိတ်ရက်ရှည်မှာ အရေးကြီး (နာရေး) ကိစ္စမှ အပ ခရီးမသွားဖို့အတွက် ထားမြစ်ချက်တွေ ထုတ်ပြန်ခဲ့ပေမယ့် ခရီးသွားတဲ့ ဝန်ထမ်းတွေလည်း ရှိနေပြီး ခွင့်ပြုချက်ရယူမှုမရှိဘဲ သွားရောက်ခဲ့တဲ့သူတွေကိုလည်း နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။