ဝက်လက်မြို့နယ်တွင် ထန်းပင် ၃၅၀ ခန့် မီးလောင်
Aung Ko Latt
·
April 19, 2020
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ခေါတောကျေးရွာအနီး လယ်တောမှာ ဧပြီ ၁၈ ရက်နေ့ ည ၈ နာရီလောက်က ထန်းပင် ၃၅၀ လောက် မီးလောင်မှုဖြစ်ခဲ့ပါတယ်။
ပူပြင်းခြောက်သွေ့တဲ့ရာသီမှာ လေတိုက်တာကနေ ထန်းလက်အချင်းချင်း ပွတ်တိုက်မှု ဖြစ်ကာ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ခဲ့တာလို့ မြို့နယ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ဒီဖြစ်စဉ်က ထူးခြားဖြစ်စဉ်ဖြစ်ပြီး ဒီလိုပမာဏအများကြီး မီးလောင်တာမျိုး အရင်က မရှိခဲ့ဘူးလို့ ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာန လ/ထ ညွှန်ကြားရေးမှူး ဦးအေးမြင့်က ပြောပါတယ်။
“အနည်းအကျဉ်းတော့ ရှိဖူးပါတယ်။ ဒီလိုအများကြီး မီးလောင်တာတော့ ဒီဒေသမှာ မဖြစ်ဖူးဘူး။ ဒါက ဒီနှစ်အတွက် ပထမဆုံးအကြိမ်လည်း ဖြစ်တယ်။ ရွာပြင်မှာဖြစ်လို့ လူနှင့် တိရစ္ဆာန်တွေ၊ နေအိမ်အဆောက်အဦတွေ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။”
မီးလောင်မှုကို ဝက်လက်မြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးမှုး ဦးမောင်းနိန်ဦးဆောင်ကာ အင်အား ၄၀ ကျော်နဲ့ မီးငြိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီး အသုံးပြုပြီး အချိန် ၃ နာရီလောက်အကြာ မီးငြှိမ်းသတ်ခဲ့ရတာပါ။
ရွှေဘိုခရိုင်မှာ ၂၀၂၀ ခုနှစ်အတွင်း ကြီးမားတဲ့ မီးလောင်ဆုံးရှုံးမှု မရှိသေးဘူးလို့သိရပါတယ်။
လတ်တလောမှာတော့ မီးသတ်တပ်ဖွဲ့ဝင်တွေက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးအတွက် ဆေးဖျန်းတာ၊ မြို့ပြလုံခြုံရေး ဆောင်ရွက်တာနဲ့၊ ရေရှားပါးတဲ့ နေရာတွေကို ရေလှုဒါန်းတာတွေ လုပ်ဆောင်နေကြပါတယ်။