ဝမ်းတွင်းမြို့နယ်တွင် မိုးကြိုးပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံး
DVB
·
April 18, 2020
မန္ထလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ အင်ကန်းကြီးကျေးရွာအုပ်စုအပိုင် လယ်ယာမြေအတွင်း လယ်စောင့်တဲမှာ ဧပြီလ ၁၇ရက် ညနေက မိုးကြိုးပစ်တာကြောင့် အမျိုးသား ၁ ဦး သေဆုံးသွားတယ်လို့ ဂုဏ်ရွာကျးရွာအုပ်ချုပ်ရေးရုံးက ပြောပါတယ်။
ဂုဏ်ရွာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမျိုးသန့်က “ဂုဏ်ရွာကွင်းအဆုံး အင်ကန်းကြီးကျေးရွာအုပ်စုကွင်းထဲမှာ မိသားစု ၃ ယောက်နေတယ်။ ဖခင်ဖြစ်သူ မိုးကြိုးပစ်ခံရတော့ မိခင်နဲ့ကလေးက မေ့သွားတယ်၊ ဖခင်ဖြစ်သူကတော့ သေဆုံးသွားတယ်။ မိခင်နဲ့ ကလေးကတော့ ပြန်ကောင်းနေပါပြီ” လို့ ပြောပါတယ်။
ညနေပိုင်း မိုးရွာသွန်းပြီး မိုးကြိုးပစ်တာကြောင့် ကိုလင်းလင်း (၂၉) နှစ် လယ်ကုတ်မှာ မီးလောင်ကျွမ်း ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
ရွှေတောင်ရွာရဲစခန်း တာဝန်ကျရဲအရာရှိက “သေဆုံးသူကို ခွဲစိတ်စစ်ဆေးဖို့ လူမှူရေးအသင်းကားနဲ့ ဝမ်းတွင်းဆေးရုံကို ပို့ပေးထားတယ်။ စုံစမ်းစစ်ဆေးဖို့ သေမှုသေခင်း အမှုဖွင့်ထားပါတယ်” လို့ ပြောပါတယ်။
ကိုလင်းလင်း သေဆုံးတာ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာရဲစခန်းမှာ သေမှူသေခင်းနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
မောင်မောင်လင်း