မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့၊ အမှတ် ၃ ဗဟိုရပ်ကွက်ရှိ ရက်ကန်းရုံတခုမှာ ဇန်နဝါရီ ၁၁ ရက် မနက် ၆ နာရီလောက်က ထုရိုက်ခံထားရတဲ့ ဒဏ်ရာနဲ့ အမျိုးသမီး ၄ ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ မြို့ခံလူမှုကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ ရက်ကန်းရုံပိုင်ရှင်ဖြစ်တဲ့ အသက် ၆၈ နှစ်အရွယ် ဒေါ်မြသွေး၊ အသက် ၇၈ နှစ်အရွယ် ဒေါ်ကြည်၊ အသက် ၃၈ နှစ်အရွယ် မဇင်ဇင်အေးနဲ့ အသက် ၅၃ နှစ်အရွယ် ဒေါ်စန္ဒာတို့ ဖြစ်ကြပြီး ဦးခေါင်းနောက်စေ့ထိခိုက်ဒဏ်ရာ၊ နဖူးကွဲအက်ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာ ဖြစ်ပါတယ်။
မြို့ခံလူမှုကူညီရေးအသင်းဝင်တဦးက “အသင်းကို ရဲတပ်ဖွဲ့က အကြောင်းကြားတာပါ။ အမျိုးသမီး ရုပ်အလောင်း ၄ လောင်း တွေ့ပါတယ်။ အဘွားတဦးပါတယ်။ ခေါင်းပိုင်းတွေပဲ ထိခိုက်ထားတာ။ ဝမ်းတွင်းဆေးရုံကိုပဲ ပို့ပေးထားပါတယ်” လို့ ပြောပါတယ်။
အဲ့ဒီမနက်ပိုင်းမှာပဲ လူသတ်မှုတရားခံ အမျိုးသားတယောက်ကို ဝမ်းတွင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး လူသတ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ ရက်ကန်းစင်ထု တူတချောင်းကိုလည်း သက်သေအနေနဲ့ သိမ်းဆည်းရမိခဲ့ကာ ရဲစခန်းမှာ ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
အမှတ် ၃ ဗဟိုရပ်ကွက်နေသူတဦးက “ရက်ကန်းရုံက အလုပ်သမားက အလုပ်ရှင်ကို ပြန်သတ်သွားတာ။ သူနေတဲ့အိမ်နဲ့ ရုံနဲ့က မျက်နှာချင်းဆိုင်လောက်ပဲ။ ညဘက် အိမ်ကိုဖောက်တာ မိလို့အော်တာကို တူနဲ့ထုသတ်သွားတာ။ သေသွားတဲ့ ၄ ဦးမှာ ၃ ဦးက ရုံပိုင်ရှင်မိသားစုတွေ၊ တယောက်ကတော့ အလုပ်သမားပါ” လို့ ပြောပါတယ်။
ရုပ်အလောင်းတွေကို ဝမ်းတွင်းဆေးရုံ ရင်ခွဲဌာနကို အရပ်ဘက်အသင်းယာဉ်တွေနဲ့ ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပြီး ဒီလူသတ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဝမ်းတွင်းမြို့ရဲစခန်းကို ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားခြင်း မရှိပါဘူး။