Home
နိုင်ငံတကာ
လူသေဆုံးခဲ့သည့် ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့တွင် တာဝန်ရှိဟု ပါပူဝါနယူးဂီနီ ဝန်ကြီးချုပ် ပြော
DVB
·
January 12, 2024
Papua New Guinea_12012024

ပစိဖိတ်သမုဒ္ဒရာကျွန်းနိုင်ငံတခုဖြစ်တဲ့ ပါပူဝါနယူးဂီနီနိုင်ငံမှာ ရဲတပ်ဖွဲ့နဲ့ အစိုးရဝန်ထမ်းတွေရဲ့ လစာငွေ ဖြတ်တောက်ခံရမှုအပေါ် ဒေါသထွက်ခဲ့ကြပြီး လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပြီးနောက် တရက်အကြာ ဇန်နဝါရီ ၁၁ ရက်မှာ ဝန်ကြီးချုပ် ဂျိမ်းစ် မာရာပီက စည်းကမ်းမလိုက်နာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သည်းခံ ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

လုယက်မှုတွေနဲ့ မီးရှို့မှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းတွေကို အကူအညီပေးမယ်လို့လည်း မာရာပီက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်တွေနဲ့ လုပ်ငန်းတွေအတွက် လျော်ကြေးပေးပြီး တောင်းပန်ချင်ပါတယ်လို့လည်း ဆိုပါတယ်။

ဒါတွေဟာ ရဲတွေကိုယ်တိုင် လုပ်ဆောင်တာ မဟုတ်ပေမဲ့ အရပ်ဘက် ဖရိုဖရဲဖြစ်နေမှုအပေါ် တာဝန်ရှိနေတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

လစာလျေှာ့ချခံရမှုကို ရဲတပ်ဖွဲ့က ဇန်န၀ါရီ ၁၀ ရက် မနက်ပိုင်းက သပိတ်မှောက်ခဲ့ကြပြီး တာဝန်ရှိသူတွေကတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်လို့ အပြစ်တင်ထားပါတယ်။

ရဲတွေ ဆန္ဒပြနေချိန်အတွင်းမှာ ဥပဒေစိုးမိုးမှု လျော့ရဲသွားပြီး လုယက်မှုနဲ့ မီးရှို့မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြကာ မြို့တော် ပေါ့ထ်မောစ်ဘီရဲ့ လမ်းမတွေပေါ်မှာ လုယက်လာတဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ လူထောင်ပေါင်းများစွာကို လူမှုမီဒီယာမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေမှာ မြင်တွေ့ရပါတယ်။

မြို့တော်မှာ ရဲသပိတ်ကနေ အသွင်ပြောင်းသွားတဲ့ အဓိကရုဏ်းတွေမှာ လူ ၈ ဦး သေဆုံးခဲ့ပြီး နိုင်ငံမြောက်ပိုင်းရှိ လိုင်းမြို့မှာ နောက်ထပ် ၇ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ နောက်ဆုံးရသတင်းကို ကိုးကားပြီး ABC သတင်းဌာနမှာ ဖော်ပြပါတယ်။

ဆူပူအုံကြွမှုတွေ ဖြစ်ပွားပြီးနောက်မှာ ပြန်လည်တည်ငြိမ်မှုရှိအောင် အာဏာပိုင်တွေ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024