ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟိုပိတ်ရွာမှာ ဇန်နဝါရီ ၁၀ ရက်ညက ပစ်ခတ်သံကြားတာကြောင့် ထိတ်လန့်စိုးရိမ်ပြီး ဗုံးခိုကျင်းထဲ ဝင်ပုန်းတဲ့ အမျိုးသားတဦး သေဆုံး သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"သူဝင်သွားတဲ့ အချိန်တွေလည်း မသိလိုက်ဘူး။ သူထွက်သွားတဲ့ အချိန်လည်း မသိလိုက်ဘူး။ မနက် စောစော မနက်စာ စားတော့မှ ကြည့်တာပေါ့။ ဪ ဘာလို့ မထွက်လာသေးပါလိမ့်ဆိုပြီး ဝင်ကြည့်တော့မှ အဲလိုကြီး ငုတ်တုတ်ကလေး အဲမီးဖိုဘေးနားမှာ။ ထိုင်လျက်သားဆိုတော့ ကျမထင်တာ အိပ်ရာ မဝင်သေးဘူး၊ သူ ညကတည်းက ဆုံးနေတာ ဖြစ်မယ်။ အဲ မီးလှုံရင်းနဲ့ ထိုင်လျက်လေ၊ အဲလိုလေး ဆုံးနေတာ" လို့ ကာယကံရှင် မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အဲဒီ အမျိုးသားဟာ အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး နေ့လယ်ပိုင်းတွေလည်း ပစ်ခတ်သံကြားရင် အဲဒီ ဗုံးခိုကျင်းထဲမှာ ဝင်ပုန်းနေတတ်တယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက "လေပေါက် သေးသေးလေးတွေ လုပ်ထားတာဝောာ့တွေ့တယ်။ မီးသွေးမီးဖိုနဲ့ မီးလှုံလို့ အောက်စီဂျင် မလုံလောက်တော့တာ ဖြစ်မယ်" လို့ ပြောပါတယ်။
ဗုံးခိုကျင်းကို စနစ်တကျ ပြုလုပ်ထားတာဖြစ်ပေမယ့် အထဲမှာ ဆေးလိပ်သောက်တာတို့၊ မီးဖိုတာတို့ မလုပ်သင့်ကြောင်း ဒေသခံတွေက ပြောပါတယ်။