ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မင်းရောင်လမ်း၊ ဗိုလ်မင်းရောင်အိမ်ရာရှိ တိုက် ၈ လွှာအမြင့်ကနေ အမျိုးသားတယောက် ဇန်နဝါရီ ၁၀ ရက် ည ၁၀ နာရီလောက်က ခုန်ချသေဆုံးခဲ့တယ်လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်းက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၄၂ နှစ်အရွယ်ရှိ အငှားယာဉ်မောင်းသမား ကိုကျော်မျိုးဟန် ဖြစ်ပြီး ည ၁၀ နာရီလောက်က နေထိုင်ရာတိုက်အောက်မှာ ကားပါကင်ထိုးထားပေမဲ့ အချိန်ကြာတဲ့အထိ လူမတွေ့ရှိတာကြောင့် မိသားစုဝင်တွေက လိုက်လံရှာဖွေခဲ့ရာမှ တိုက်အောက်မှာ သေဆုံးလျက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဝန်းရံမှူး လူမှုကူညီရေးအသင်း တာဝန်ရှိသူက “သူက တက္ကစီမောင်းတာ။ ပြန်လာတဲ့အချိန်မှာ ကားထိုးပြီးတော့ အိမ်ပေါ်ရောက်မလာဘူး ပြောတယ်။ မိသားစုဝင်တွေက အောက်ရောက်မှ အလောင်းကို တွေ့တာ။ ၇ ထပ်တိုက် ၈ လွှာကပါ” လို့ ပြောပါတယ်။
တိုက်ပေါ်က ပြုတ်ကျတဲ့အရှိန်ကြောင့် ခြေထောက်နှစ်ဖက်စလုံးနဲ့ ကျောရိုးကျိုးဒဏ်ရာ ရရှိကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး တိုက် ၈ လွှာရဲ့ လှေကားအတက်အဆင်းနေရာမှာ သေဆုံးသူရဲ့ ဖိနပ်နဲ့ ဦးထုပ်ကို တွေ့ရှိရတယ်လို့ သိရပါဝာယ်။
ရုပ်အလောင်းကို မြောက်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက လာရောက်စစ်ဆေးခဲ့ပြီး ဝန်းရံမှူး လူနာတင်ယာဉ်နဲ့ မြောက်ဥက္ကလာပ မေဓာဝီဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။
ရန်ကုန်မှာ ၂၀၂၃ နိုဝင်ဘာ ၁၅ ရက်ကလည်း ကြည့်မြင်တိုင်မြို့နယ်၊ ရွှေလိပ်ပြာအိမ်ရာ၊ တိုက် ၆ လွှာရှိ ဝရန်တာကနေ အသက် ၆၀ အရွယ် အမျိုးသားတဦး ပြုတ်ကျသေဆုံးခဲ့ပါတယ်။
ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ညောင်တုန်းလမ်းရှိ ၈ လွှာတိုက်တခုမှာလည်း ၂၀၂၃ ဧပြီ ၇ ရက်က အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတဦး ပြုတ်ကျခဲ့ပြီး ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ကုသနေချိန်မှာ သေဆုံးခဲ့ပါတယ်။