နွားထိုးကြီးနှင့် ဝက်လက်၌ ကျန်းမာရေးစစ်ဆေးမှု မခံယူသူများကို အမှုဖွင့်
DVB
·
April 18, 2020
မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာ ကျန်းမာရေးစစ်ဆေးမှု မခံယူတဲ့ သားဖြစ်သူနဲ့ ဖခင်တို့အား အမှုဖွင့် အရေးယူထားတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
နွားထိုးကြီးမြို့နယ်၊ လက်ပံကျေးရွာနေ နေမျိုးထွန်းဟာ လက်ပံကျေးရွာရှိ ဖခင်ရဲ့နေအိမ်ကို ဧပြီ ၁၅ ရက်က ပြန်လည်ရောက်ရှိနေတာကြောင့် ဦးရဲထွန်းအောင် ဦးစီးအဖွဲ့က ကျန်းမာရေး စစ်ဆေးဖို့ သွားရောက်စဉ် နေမျိုးထွန်းက မချေမငံပြန်လည်ပြောဆိုခဲ့သလို ဖခင်ဖြစ်သူ ဦးမြင့်ကျော်က အရိုး/အသွား ၂ ပေခန့်ဓား ကိုင်ဆောင်ကာ ခြိမ်းခြောက်ခဲ့တာကြောင့် အမှုဖွင့် အရေးယူခဲ့တာလို့ ဆိုပါတယ်။
သူတို့နှစ်ဦးကို ကန်နားနယ်မြေ ရဲစခန်း၊ (ပ)၁၆/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၂၆ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ်မှာလည်း ဧပြီ ၁၅ ရက်နေ့ ညနေ အချိန်က မြင်းသည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်း ဦးစီးတဲ့ ပူးပေါင်းအဖွဲ့ဟာ ရွာအဝင်မှာ ကျန်းမာရေး စစ်ဆေးပေးတာတွေ လုပ်နေချိန်မှာ ကျော်မင်းဦး အပါအဝင် ၃ ယောက်ဟာ ဆိုင်ကယ်နဲ့ ရောက်လာခဲ့ပါတယ်။
သူတို့ကို ကျန်းမာရေး စစ်ဆေးတာခံပြီးမှ ရွာထဲကို ဝင်ရောက်ဖို့ ပြောတာကို မချေမငံ ပြန်လည်ပြောဆိုပြီး ဦးမြင့်စိုးကို ဆဲဆို၊ လက်သီးနဲ့ ဝိုင်းဝန်းထိုးကြိတ်တာကြောင့် ဧပြီ ၁၆ ရက်မှာ သူတို့ကို ရွှေပန်းကုန်းနယ်မြေရဲစခန်းမှာ တာဝန်ဆောင်ရွက်တဲ့ ပြည်သူ့ဝန်ထမ်းကို နှောင့်ယှက်မှု၊ ခြိမ်းခြောက်မှု၊ သာမန်နာကျင်စေမှု၊ ဆဲဆိုမှု ရာဇသတ်ကြီးပုဒ်မ ၃၅၃/၅၀၆/ ၃၂၃/ ၂၉၄ တို့နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။